ရန်ကုန်တက္ကသိုလ်။ အမည်အားဖြင့် ကျက်သရေရှိသည့်တက္ကသိုလ်။ သမိုင်းကို ပြန်လှန်ရလျှင် တစ်ချိန်က အရှေ့တောင်အာရှ၏ ဟားဗတ်။
မူလက ရန်ကုန်ယူနီဗာစီတီ ဖြစ်ခဲ့သော်လည်း ဆရာကြီး ဦးဖေမောင်တင်က University ဟူသော အင်္ဂလိပ်ဝေါဟာရကို တက္က ဟူသည် “ကြံဆတွေးတောခြင်း”နှင့် သိလာ ဟူသည့် “စိတ်ကို လေ့ကျင့်ခြင်း” ဟုအဓိပ္ပာယ်ရသော ပါဠိစာလုံး နှစ်လုံးကို ပေါင်း၍ တက္ကသိလာ၊ တက္ကသိုလ်ဟု မြန်မာမှုပြုကာ (ရန်ကုန်တက္ကသိုလ်) ဟုပြောင်းလဲ သမုတ် အမည်ပေးခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်ဆိုလျှင် လူတိုင်းတွဲမြင်လေ့ရှိသော လမ်းမကြီးရှိသည်။ ၎င်းကို အဓိပတိလမ်းမဟု ခေါ်သည်။ ရန်ကုန်တက္ကသိုလ်၏ လမ်းတို့သည် မြစ်လက်တက်များနှင့်တူသည်။ ဧရာဝတီမြစ်ကြီးမှ မိုးကောင်း၊ မဲဇာ၊ မူး၊ ချင်းတွင်း၊ မိုးလယ်၊ ရွှေလီ၊ ဒုဋ္ဌဝတီ၊ ပန်းလောင်၊ ဇော်ဂျီ အစရှိသည့် မြစ်လက်တက်များ ခွဲဖြာစီးဆင်းသကဲ့သို့ အဓိပတိလမ်းမမှလည်း စစ်ကိုင်းလမ်း၊ ဂျပ်ဆင်လမ်း၊ ဒဂုံလမ်း၊ ဘွဲ့နှင်းသဘင်လမ်း စသည့် လမ်းကလေးများ ခွဲ၍ခွဲ၍ ထွက်သွားသည်။ အဓိပတိလမ်းသည် တက္ကသိုလ်ရိပ်သာလမ်းသို့ ရောက်ရှိပြီး ထိုမှသည် အဝေးသင်သို့လည်းကောင်း၊ တက္ကသိုလ်ဘောလုံးကွင်းသို့ လည်းကောင်း၊ တင်းနစ်ကွင်းသို့လည်းကောင်း၊ စိန်ရတုခန်းမသို့လည်းကောင်း၊ ဆေးတက္ကသိုလ် (၁) သို့လည်းကောင်း တွဲဆက် မခွဲရက်စွာ ရှိနေသည်။ ဘွဲ့နှင်းသဘင်နံဘေးရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဝိဇ္ဇာခန်းမ၊ ဂျပ်ဆင်ဘုရားကျောင်း စသည့် ရှုမငြီးစရာတို့သည် ရန်ကုန်တက္ကသိုလ်အတွင်းဝယ် နေထိုင်လျက်ရှိကြလေသည်။ ကပ်လျက် အနောက်ဘက်တွင် စတုရန်းမိုင် ၁.၅ မိုင်ခန့်ရှိသော အင်းလျားကန်ကလည်း ရန်ကုန်တက္ကသိုလ် ကျောင်းတော်သားတို့၏ အပန်းဖြေရာနေရာတစ်ခု ဖြစ်သည်။ သစ်ပုပ်ပင်၊ စိန်ပန်း၊ ကံ့ကော်နှင့် အဓိပတိလမ်းဟူသည်တို့မှာ ရန်ကုန်တက္ကသိုလ်၏ မမေ့ရက်စရာ သင်္ကေတများ ဖြစ်လေ၏။
“စိုင်းသဝဏ်စော”
ရှမ်းလူမျိုးစပ်ပေမို့ ဖြူဝင်းသော အသားအရေ။ ပိန်သွယ်သော်လည်း ယောက်ျားဆန်သော ခန္ဓာရှင်။ ရှပ်အဖြူနှင့် ပုဆိုးအနီကို တွဲဖက်ဝတ်ဆင်ထားသည်။ ပင်နီတိုက်ပုံနှင့် ပင်နီလွယ်အိတ်ကလည်း ခန္ဓာကိုယ်ထက်တွင် သူ့နေရာနှင့်သူ ရှိနေသည်။ လွယ်အိတ်ကို ဘေးတွင် လွယ်ထား၍ ကြိုးကို လက်နှင့်ဆုပ်ထားလျက် မျက်မှန်ဝိုင်းကလေးကိုလည်း လက်နှင့် ပင့်တင်လိုက်သေးသည်။ ခြေတွင် ကတ္တီပါဖိနပ်တစ်ရံကိုလည်း စီးထားသည်။ သူ ရန်ကုန်တက္ကသိုလ်ဝန်းသို့ ဝင်ရောက်လာသည်နှင့် ရှိန်းတိန်းဖိန်းတိန်း ခံစားမှုမျိုးကို တစ်ပြိုင်တည်း ခံစားလိုက်ရသည်။ ဪ ရန်ကုန်တက္ကသိုလ်ဟူသည့် နေရာကို အကျွန်ရောက်လာပါပ။
YOU ARE READING
အဘယ်ကြောင့်ဆိုသော် ... အဘယ်ကြောင့်ဆိုသော်.. (Completed)
Novela Juvenilဘဝ၌ မထင်မှတ်ထားသော အရာများသည် ရုတ်တရက် ပေါ်လာတတ်သည်။ ထိုနည်းတူ ရုတ်တရက်လည်း ပျောက်သွားလိမ့်မည်။ သို့သော် အချို့အရာတို့မှာမူ ထိုသို့ ရုတ်တရက် ပျောက်ပျက်သွားလေ့မရှိပါ။ အဘယ်ကြောင့်ဆိုသော်...