စက်ဘီးခြင်းထဲရှိတဲ့ နေကြာတွေ တောင်စောင်းအတိုင်းစုန်ဆင်းလာပြီး လေနုအေးတွေနှင့် အနမ်းပေးသည်။
တောင်ပေါ်ဆောင်း ရဲ့ မနက်ခင်းမှာ အကဲပိုသည်က အအေးဓာတ်ဖြစ်သည်။ ဖလန်ထည်အပေါ်ဝတ်က စက်ဘီးနင်းနေသဖြင့် လေထဲ တလှပ်လှပ်လွင့်၏။
စောသေးလို့ ဈေးထဲ လူရှင်းနေသေးသည်။ ဆိုင်အဝင်ဝမှာရှိတဲ့ သစ်သားဆိုင်းဘုတ်ကို open ပြောင်းခဲ့ပြီးနောက် မှန်လုံပန်းဆိုင် အသက်ဝင်သည်။
Stephen Sanchez ရဲ့ Until I found you ကို တိုးသဲ့သဲ့ဖွင့်ပြီး နို့ပို့သမားကို ပိုက်ဆံရှင်းဖို့ အပြင်ထွက်လာချိန်မှာ စက်ဘီးခြင်းထဲရှိ နေကြာတွေဆီ တွယ်တက်နေတဲ့ အရာတစ်ခုကို မြင်သည်။
တစ်ကိုယ်လုံးရွှံ့တွေပေနေပြီး ပိန်တယ်။
လက်တစ်ဝါးစာသာရှိတဲ့ ဟမ်းစတားတစ်ကောင်။
နေကြာဆံတွေဆီ မမှီမကမ်းလက်လှမ်းနေတဲ့ အကောင်ပေါက်အား လက်ဖဝါးပေါ်တင်မိချိန် အကိုက်ခံရပြီး လက်ပေါက်သွားခဲ့သည်။
စွာလှချည်လားဟ ငါ့နေကြာတွေကိုလဲခိုးသေးတယ်
ဆူသံကိုနားလည်တဲ့အလား လက်ပေါ်မှာငြိမ်သွားသည်။ ကိုက်လိုက်လို့ သွေးထွက်သွားတဲ့လက်ချောင်းကို သူလက်သေးသေးတွေနဲ့ ပွတ်သပ်၏။ အပင်တွေနဲ့ တစ်ယောက်တည်းနေခဲ့ရာကနေ ဟမ်းစတားတစ်ကောင်အဖော်ရသည်။
ကိုယ်ပြောတာနားလည်လား မသေချာပေမဲ့ ဘာပြောပြောနားထောင်ပြီး အသံပြန်ပြုတတ်တာချစ်စရာကောင်းသည်။
သူ့အတွက် အိမ်သီးသန့်ထားပေးရပြီး အအေးကြိုက်လို့ လေပန်ကာလည်းဆင်ပေးရသည်။ အရင်လိုသေးသေးလေးမဟုတ်တော့ပဲ ပါးဖောင်းဖောင်းနဲ့ဖတ်တီးလေးဖြစ်လာသည်။ရွှံ့တွေနဲ့ညစ်ပတ်နေတဲ့အကောင်ပေါက်က တကယ်တော့ ဖြူလုံးဖြစ်၏။
ဒီလိုနဲ့ ဖြူလုံး သူ့ဆီသောင်တင်နေတာ တစ်လကျော်လာသည်။နေ့ရက်တွေပျင်းစရာမကောင်းတော့ဘဲ စကားပြောဖော်တိုးလာ၏။
ဒီနေ့လည်း ထုံးစံအတိုင်း ဖြူလုံးကို ဗိုက်ပေါ်တင်ထားပြီး စာအုပ်ဖတ်စဉ် ရုတ်တရက်မိုးမှောင်လာသည်။ တိမ်မဲတွေမှိုင်းကာ သွေးပျက်ဖွယ်ကောင်းသည့်အရာဖြစ်ပေါ်သည်။
ဗိုက်ပေါ်က လေးလံမှုကိုခံစားရပြီး ဖြူလုံးအစား အမြီးလုံးလုံးပါနေတဲ့ လူတစ်ယောက်ရှိသည်။ ထိတ်လန့်ကာ အလျင်အမြန်ရပ်တော့ ဗိုက်ပေါ်ကပြုတ်ကျပြီး စာအုပ်စောင်းနဲ့ ပါးဖောင်းဖောင်း ခိုက်မိတာကိုတွေ့လိုက်၏။
အိုက်ယိုး ကြမ်းတမ်းလိုက်တာ လွန်ပါရော
အသံသည် ချိုချိုစူးစူး။
နာသွားတဲ့ပါးကို လက်ဖောင်းဖောင်းတွေနဲ့ ပွတ်ရင်း သူ့ကိုမကျေမချမ်းမျက်နှာဘေးဖြင့်ကြည့်သည်။
မင်း-မင်း မကောင်းဆိုးဝါး
ဘယ်ကလာ မကောင်းဆိုးဝါး ဒီလောက်ချစ်စရာကောင်းတာ မကောင်းဆိုးဝါး ဖြစ်နိုင်ပါ့မလား လူသားတွေများ တုံးလိုက်လေခြင်း
ဟမ်းစတားတစ်ကောင် မိမိမျက်စိရှေ့တွင်ပင် လူဖြစ်သွားတာ သွေးပျက်ချင်စရာဖြစ်သည်။ထိုလူသည် အဝတ်မကပ်သည့်ကိုယ်နှင့်ဖြစ်သောအခါ တိုး၍လန့်စရာကောင်းပါ၏။
ဆိုတော့ မင်းက ဖြူလုံးပေါ့
မြင်တဲ့အတိုင်းပဲ
ဘာကြောင့်နဲ့ ဒီလိုပြောင်းသွားရတာလဲ
ဘုရားသွားမေး ကျုပ်ကပိုတောင်သိချင်သေးတယ်
နမ်ဂျွန်း သူ့အင်္ကျီကိုဝတ်ထားတဲ့ လူလိုလို ဟမ်းစတားလိုလိုအကောင်လေးကို သေချာကြည့်၏။ အနွေးအင်္ကျီအပွက ပေါင်တံတွေတစ်ဝက်လောက်မှာအဆုံးသတ်သွားပြီး အမြီးကဖောင်းနေသေးသည်။ ရင်ဘက်ကကြယ်သီးတွေကိုဖြုတ်ပေးထားမိလို့ ညှပ်ရိုးတွေမြင်နေရသည်။ အခုထိဘာတွေဖြစ်နေမှန်းမသိပေမဲ့ လှတာတော့တော်တော်လှသည်။
ဘဝင်ကိုင်တဲ့မျက်နှာဘေးကတော့ အရင်ဘဝထဲကနေအခုထိကို မြင်ပြင်းကပ်စဖွယ်ကောင်းအောင်ပါလာတာပဲ။
အရင်လိုပြန်မဖြစ်တော့ရင် မင်းဘယ်လိုလုပ်မလဲ
နမ်ဂျွန်းစကားကိုကြားတော့ စားပွဲပေါ်က ကော်ဖီခွက် ကိုခိုးဖို့ဟန် ဆိုင်းပြင်နေတဲ့ လက်တွေ လေထဲမှာပင်ရပ်သွားသည်။
ကိုယ့်ဟာကိုယ်တောင် ဘာဖြစ်သွားမှန်းမသိပါဘူးဆို ရှည်လိုက်တာ
စကားတော့ပြောတတ်တယ်နော်
အရင်ဘဝတုန်းကလဲ အ မနေပါဘူး
မျက်နှာဖြူဖြူက သွေးကြောမျှင်တွေကို မြင်ရပြီး မွှေးညှင်းလေးတွေပင်အဖြူရောင်ဖြစ်သည်။ ကော်ဖီကိုအကုန်မော့ချလိုက်တာ တားဖို့မမှီလိုက်။
ခါးလွန်းလို့လျှာတစ်လစ်ထွက်လာပြီး ရေရှာနေသဖြင့် ရေဘူးထုတ်ပေးလိုက်တော့ ပိုက်ကိုစုပ်သောက်သည်။
နီဆွေးနေတဲ့ နှုတ်ခမ်းလုံးလုံးက ပိုက်မှာ စုနေပြီး
ချိုချဉ်လို ကိုက်ဆွဲချင်စရာဖြစ်သည်။
ကော်ဖီကခါးတယ်
လူသားကစောစောပြောလေ အကျင့်ယုတ်လိုက်တာ
ရန်တွေ့နေတဲ့ နှုတ်ခမ်းစူစူက လာပါ နမ်းလှည့်ပါဟုဆွဲဆောင်နေသလို ထင်ယောင်ထင်မှား ဖြစ်နေလို့ စွာတေးလန်ရဲ့ရန်တွေ့သံကိုတောင်သေချာမကြားရတော့။
အချိန်က ဆယ်စက္ကန့်လောက်ရပ်တန့်သွားပြီး ကော်ဖီရဲ့ခါးသက်မှုကိုလဲလှယ်ယူပေးနေစဉ်မှာ အောက်နှုတ်ခမ်းအကိုက်ခံရလို့ အသိပြန်ဝင်လာသည်။
ကျုပ် ကျုပ်ကိုမစားနဲ့နော် ကျုပ်က စားစရာမဟုတ်ဘူး ဟမ်းစတားအသားခါးတယ် အရသာမရှိဘူး
ကြောက်အားလန့်အားရုန်းကန်ကာ ပန်းအိုးတွေနောက်ဝင်ပုန်းသည်။ နမ်ဂျွန်းအနားတိုးတော့ သွားတန်းတွေစိပြပြီး ခြိမ်းခြောက်၏။
ဟိတ်လူ ကျုပ်နားလာရင် ကျုပ်ကိုက်မှာနော်
ရင်ဘက်ကိုလက်ဖောင်းဖောင်းတွေနဲ့ တွန်းထားကာ အနားကပ်မခံ။
ပေါ့ပေါ့ပါးပါးရီမောနိုင်တဲ့ အခိုက်အတန့်ဖြစ်ပြီး စိတ်တွေမြူးနေသည်။
အိုကေ အိုကေ ကိုယ်မင်းကိုဘာမှမလုပ်ပါဘူး
လူလိမ် ကျုပ်ကို စားဖို့ကြံနေတာမလား
ဝေးဝေးကနေ ခေါင်းကိုခပ်ဖွဖွပွတ်သပ်ပေးတော့ စိတ်ငြိမ်သွားပုံရသည်။
နမ်းတယ်လို့ခေါ်တယ် သဘောကျတဲ့သူကို နမ်းလို့ရတယ်
မျက်လုံးဝိုင်းဝိုင်းတွေအရည်လဲ့ကာနားထောင်ရင်း ပြုံးတုံ့တုံ့လုပ်သည်။
လူသားက ကျုပ်ကိုသဘောကျတာလား
မင်းလို ချစ်စရာလေးကိုဘယ်သူကလွန်ဆန်နိုင်မှာလဲ
တစ်ကိုယ်တည်းရေရွတ်တာပေမဲ့ တစ်ဖက်သူကြားနိုင်အောင် ကျယ်သည်။ ပန်းအိုးတွေနောက်ကနေ ဖြေးဖြေးချင်းထွက်လာပြီး ရင်ခွင်ထဲရောက်လာသည်။ လုံခြုံတဲ့နေရာတစ်ခုကိုရသွားသလိုမျိုး ရင်ခွင်ထဲ ကြုံ့ကြုံ့လေးဖြစ်သည်။
အရင်ပိုင်ရှင်ကလွှင့်ပစ်ခဲ့တာ ရုပ်ဆိုးပြီးချစ်ဖို့မကောင်းဘူးတဲ့
ဆိုတော့ စတွေ့ခါစပုံစံလေးကို မျက်လုံးထဲမြင်ယောင်လာသည်။ ရွှံ့တွေနဲ့ပေလူးလေးဖြစ်ခဲ့တာ။
လူသားကတော့ လွှင့်မပစ်ဘူးမလားဟင်
တောင်းဆိုနေတဲ့ မျက်လုံးဝိုင်းတွေရယ် ၊ သူ့အဖြေကိုမျှော်လင့်နေတဲ့ လက်သီးဆုပ်သေးသေးလေးတွေရယ်။
အရမ်းဆိုးလာရင် အိမ်အပြင်ထုတ်ထားမှာ
အာညီး ကြောင်ကြီးတွေကကိုက်မှာ သူတို့ကိုကြောက်တယ်
ရင်ခွင်ထဲပိုဝင်လာပြီး ရေမချိုးထားလို့ နို့ချဉ်နံ့ရသည်။
အခုတော့ ရေအရင်ချိုးရမယ်
ချိုးဘူး အေးတယ်
မချိုးလို့မရဘူး အနံ့ကအဝေးကြီးကတောင်ရနေတာ
အဲ့တော့ဘာဖြစ်လဲ ဘာဖြစ်လဲ
အိမ်ပြင်ထုတ်ထားမှာနော်
စကားအဆုံး ရင်ဘက်မှာ သွားရာထင်သွားသည်။
မတရား မလုပ်နဲ့
ညစ်ပတ်ရင် မချစ်ဘူး
ဟင့်အင်း ချစ်
အခုမှ လူပျိုဘဝကနေ ကလေးအဖေဖြစ်သွားတာဖြစ်၏။ ရေချိုးကန်ထဲမှာ ဘဲရုပ်တွေနဲ့ဆော့နေပြီး ဆပ်ပြာတိုက်ပေးတော့ အရုပ်ကလေးလို ငြိမ်ငြိမ်လေးထိုင်သည်။ အရင်ထဲကရေချိုးပေးနေကြဆိုလည်း မတူတော့တာတွေရှိနေလို့ ရင်ခုန်သံမြန်သည်။
အမွှေးဖွားဖွားတွေအစား နူးနူးညံ့ညံ့အရေပြားတွေက ထိလိုက်ရုံနဲ့ ရဲတက်လာပြီး သူသုံးနေကျ လီမွန်ဆပ်ပြာအနံ့က အရမ်းမပြင်းလို့ ဖြူလုံးကိုယ်နံ့က ခပ်သင်းသင်း။
အမွှေးနုသဘက်နဲ့ တစ်ကိုယ်လုံးကိုလုံအောင်ခြုံပေးလိုက်တော့ ရေချိုးခန်းထဲကနေ လုံးလုံး လုံးလုံးနှင့် ပြေးထွက်သည်။
ဗီရိုရှေ့ခြေစုံရပ်ပြီး အဝတ်အစားတွေကိုမွှေနှောက်နေပေမဲ့ ဝင်မဆွဲရဲတော့။ဒီနေ့တစ်နေ့ထဲနဲ့တင် ရထားတဲ့ဒဏ်ရာတွေနည်းတာမှမဟုတ်ဘဲ။
အအေးပတ်မှာစိုးရိမ်ရလို့ တွေ့ရာအင်္ကျီနဲ့ဘောင်းဘီကိုကောက်စွပ်ပေးတော့လည်းငြိမ်ငြိမ်လေးပါပဲ။
နမ်ဂျွန်းနှင့်ပင် oversize ဖြစ်နေတဲ့ အင်္ကျီကပေါက်စဝတ်ထားတော့ လူပါပျောက်သွားသည်။
ဘောင်းဘီကရှည်နေလို့ အောက်မှာပုံကျနေသေးတယ်။အင်္ကျီဝယ်ပေးဖို့စိတ်ကူးမရှိတော့ဘူး။ဒီတိုင်းကပိုချစ်စရာကောင်းတယ်။
အေးနေသေးလား နို့သောက်ချင်လား
နို့.. သောက်မယ်
ဒီမှာ ငြိမ်ငြိမ် စောင့်နေခဲ့
စောင်နဲ့ ကလေးအနှီးထုပ်သလို ထုပ်ပေးထားတော့ မျက်နှာတစ်ခုပဲမြင်ရတော့သည်။
ချပေးထားတဲ့အတိုင်း ကုတင်ပေါ်ငုတ်တုတ်လေးထိုင်နေပြီး စွာတေးလန်တာသူမဟုတ်တော့သလိုပဲ။
မီးဖိုခန်းထဲ အသင့်ရှိတဲ့ အသင့်သောက်နွားနို့ဘူးကို ဖောက်ကာ microwave ထဲထည့်သည်။ပန်းဂေါ်ဖီ နဲ့ကြက်သားကြော်ဖို့ ပြင်စဉ် အိပ်ခန်းထဲက အသံတွေ ကြားရလို့ စိတ်ပူသွားခဲ့သည်။
ခြုံထားပေးခဲ့တဲ့စောင်ကဖရိုဖရဲဖြစ်နေပြီး ကြောင်ကို ကြောက်လို့ ကုတင်အောက်မှာ ဖင်ထောင်ရက်ကလေးပုန်းနေတာမြင်တော့ ရီရခက်ငိုရခက်ပင်။
ပြတင်းပေါက်မပိတ်ထားမိခဲ့လို့ ဘေးအိမ်က ကြောင်ဝင်လာတာဖြစ်ပြီး ကိုယ့်ကလေးကို ထိလို့ ကြောင်အပေါ် မနောပျက်သည်။
ဖြူလုံး ထွက်လာလို့ရပြီ
ကြောင်ကြီးရှိသေးလားဟင်
ဟင့်အင်း ကိုယ်မောင်းထုတ်လိုက်ပြီ ဘာမှမဖြစ်တော့ဘူး
ကုတင်အောက်ကနေ တရွတ်တိုက်ထွက်လာပြီး ရင်ခွင်ထဲ ငြိမ်နေရှာသည်။ အတော်လေး လန့်သွားတာထင်ပါရဲ့။
လူသား ကျုပ်ကိုချီပါ
ချစ်ဖို့ကောင်းပေမဲ့ အခေါ်အဝေါ်တွေက ထောက်နေတယ်။ နာမည်မပေးရသေးတာကို မေ့နေတာ။
ဆော့ဂျင်
ဟင်
မင်းနာမည် ဒီနေ့ကစပြီး ဆော့ဂျင်
ဆော့ဂျီ?
အသံထွက်က မပီကလာ ပီကလာဖြစ်နေပြီး ခေါင်းလေးစောင်းရင်း ရေရွတ်တာဖြစ်သည်။ လက်နှစ်ဖက်ကဆန့်တန်းထားသေးလို့ ပုခုံးတင်ချီတော့ လက်ကလေးတွေလည်ပင်းကိုသိုင်းဖက်သွားခဲ့သည်။
ဆော့ဂျီ မဟုတ်ဘူး ဆော့ဂျင်
ဆော့ ဂျင်
အင်း မှန်သွားပြီပဲ
နွားနို့တိုက်မှာဆို
ပခုံးပေါ် မေးတင်ရင်း ခေါင်းစောင်း၍ဆိုတော့ လေငွေ့နွေးနွေးတွေ လည်ပင်းကိုရိုက်ခတ်၏။
ဖက်ထားတဲ့လက်တွေ နှလုံးခုန်သံ ကမောက်ကမ
ဖြစ်တဲ့အကြောင်းပြချက်နဲ့ တင်းကျပ်သွားခဲ့ပြီး မီးဖိုခန်းထဲ ဘယ်လိုရောက်လာမှန်းကိုမသိလိုက်တာ။
ပေါက်စကို ခုံပေါ်တင်ပေးခဲ့ရင်း မိုက်ခရိုဝေ့ထဲက နွားနို့ဘူးကို အပူခံမပါဘဲ ယူမိသွားသည်။
အား လား သေတော့မှာပဲ။
ပူသွားတဲ့လက်ဖြင့် နားရွက်ကိုပွတ်ချေရင်း ကျန်လက်တစ်ဖက်က နွားနို့ကို ဖန်ခွက်ထဲပြောင်းထည့်ပြီး အလုပ်ရှုပ်သည်။
ပူတယ် မှုတ်ပြီးသောက်
ထော်ထွက်လာတဲ့ နှုတ်ခမ်းလုံးလုံးက နွားနို့ကို မှုတ်ဖို့မဟုတ်ဘဲ သူ့နှုတ်ခမ်းပေါ်သက်ရောက်မှုရှိလာလို့ အံ့အားသင့်ရပြီး တစ်ဖက်လှည့်သွားတဲ့ မျက်နှာဖောင်းဖောင်းကို လက်ဖြင့်ဖွဖွကိုင်ကာ အနမ်းတို့အသက်ရှည်စေသည်။
အင်္ကျီစကို ဆုပ်ကိုင်ထားတဲ့ လက်နုနုတွေကိုသတိထားမိပြီး နွားနို့က ပြန်အေးသွားခဲ့၏။
လူဖြစ်လာတဲ့ ပထမဆုံးနေ့မှာ ရည်းစားစကားဆိုတာကြီးအပြောခံရပြီး ရည်းစားလည်းရသွားခဲ့သည်။ လူသားကို ကိုကို လို့ခေါ်ရပြီး ခဏခဏနမ်းတာလည်းခံရတတ်သည်။
ကြောင်ကြီးတွေဆို မောင်းထုတ်ပေးလို့ ကိုကို့ကို သဘောကျပါတယ်။
ကိုကိုနဲ့နေတာကြာလာလို့ ကိုယ့်ဘာသာလည်းရေချိုးတတ်နေပြီဖြစ်ပြီး ကိုကိုကတော့ ရေမချိုးပေးရလို့ ဝမ်းနည်းသည်ဟုဆိုသည်။
တကယ်ဆို ဒါက ဝမ်းနည်းစရာမှမဟုတ်ဘဲလေနော်။အလုပ်ရှုပ်သက်သာလို့ပျော်ရမှာမဟုတ်ဘူးလား။ ကိုကို့ ကိုလည်းတစ်ခါတစ်လေ နားမလည်ပါဘူး။
တောင်ပေါ်ဈေးကို ကိုကိုနဲ့လိုက်သွားတတ်ပြီး ကိုကိုဝယ်ကျွေးတဲ့ စတော်ဘယ်ရီသီးတွေက ချိုချိုချဉ်ချဉ်လေး။
ပန်းတွေနဲ့အလုပ်ရှုပ်နေရင်တောင် ကိုကိုက သူ့ကိုအမြဲအချိန်ပေးပါတယ်။
ခုတလော ဆံပင်တွေရှည်လာတယ်။ မျက်လုံးထဲဆံပင်ဝင်မှာစိုးလို့ ကိုကိုက ကြက်တောင်စည်းလေးစီးပေးတယ်။ကြက်တောင်စီးကြားထဲ နှင်းဆီပန်းစိုက်ထားတော့ ချစ်ဖို့ကောင်းတယ်လို့ ကိုကိုဆိုပြန်တယ်။
ကိုကိုပြောတဲ့ အချစ်ဆိုတာကို သေချာနားမလည်ပေမဲ့ ညအိပ်ချိန်ဆို ကိုကို့ရင်ခွင်ထဲဝင်အိပ်ရတာသဘောကျပြီး ဆောင်းညတွေက သိပ်အေးလွန်းလို့ ကိုကို့ဖက်ထားရင် နွေးသွားတတ်တယ်။
ဟမ်းစတားပုံစံနဲ့ဘယ်လိုနေခဲ့မှန်းမသိတော့အောင် လူအဖြစ်နဲ့နေသားကျနေပြီ။
အမြီးလုံးလုံးမရှိတော့ရင် ကိုကိုနဲ့ပိုတူသွားမယ်ထင်လို့ ကိုကိုမရှိတုန်း အမြီးကို ပန်းရိုးဖြတ်တဲ့ ကတ်ကြေးနဲ့ညှပ်လိုက်မိတယ်။ သိပ်နာတာပဲ။ သွေးတွေလည်း အများကြီးထွက်လာတယ်။ နာလွန်းလို့ ငိုဖို့တောင်သတိမရဘဲ ကိုကိုဖက်ထားပေးမှာကိုပဲ စောင့်နေခဲ့မိတယ်။
ကိုကို့ကို အော်ခေါ်နေပေမဲ့ ကိုကိုမလာဘူး။ မျက်လုံးတွေစင်းလာတော့နာတာသက်သာသွားတယ်။ ကိုကိုရောက်လာဖို့ မျှော်လင့်နေတုန်းပဲ။
ဈေးသွားရင်း ခဏခဏခလုတ်တိုက်တယ်။ နှလုံးခုန်တာတွေမြန်နေပြီး နေရထိုင်ရခက်လာတယ်။ ဟင်းစားအနည်းငယ်နဲ့ ငယ်လေးအတွက် စတော်ဘယ်ရီတွေပဲဝယ်ခဲ့ပြီး အိမ်ပြန်ဖို့ကို စိတ်စောနေတယ်။ ဒီကလေးကို တစ်ခါမှ အိမ်မှာမထားခဲ့ဖူးလို့ ဖြစ်မယ်။
အသံပြုပေမဲ့ ပြန်ထူးသံမရှိဘဲ ထူးထူးခြားခြား အိမ်က တိတ်ဆိတ်နေသည်။ အခန်းထောင့်မှာ ခွေခွေလေးလဲနေတဲ့ ငယ်လေးရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက သွေးတွေနဲ့ပြည့်နေပြီ ကတ်ကြေးတစ်လက်ရယ် ၊ အရောင်ပြောင်းနေတဲ့ အမြီးပြတ်လေးရယ် ။ ရူးလိုက်တာ အချစ်ရယ်။
ငယ်လေးခန္ဓာကိုယ်ကိုပွေ့ကာ ဆေးရုံသွားဖို့ပြင်ပေမဲ့ မဖြစ်တာကိုသူသိသည်။ တိရိစ်ဆာန်ဆေးခန်းပဲသွားလိုက်သင့်လား။ မေးခွန်းကောင်းတော့မဟုတ်ဘူး။ ကြံရာမရလို့ ငယ်လေးကို ရေချိုးကန်ထဲ ထည့်ပြီး သွေးတိတ်မယ်ထင်သမျှ အကုန်လုပ်ကြည့်သည်။ရေနဲ့ထိလို့ ငယ်လေးသတိရလာကာ သူ့ကိုမြင်တော့ ငမွှေထိုးလေးက ဖက်ပြီးငိုသည်။
ပတ်တီးသုံးလိပ်လောက်ကုန်သွားပြီး မျက်နှာသုတ်ပုဝါလည်းအရောင်ပြောင်းသွားတဲ့နောက်မှာ သွေးထွက်တာရပ်သည်။
အမွှေးဖြူဖြူလုံးလုံးနေရာမှာ ပတ်တီးဖြူဖြူကအစားနေရာယူသည်။ ကုတင်ပေါ်မှာ ဘေးတစ်စောင်းလှဲစေ၍ အနောက်ကို လန်မကျသွားအောင် စောင်တွေနဲ့ကာထားပေးရသည်။
ကိစ္စတွေအကုန်ပြီးတော့ ခြေကုန်လက်ပန်းကျသွားပြီး ကုတင်ဘေး ခြေပစ်လက်ပစ်ထိုင်ချမိသည်။
ကိုကို နာတယ်
ဆူလဲမဆူရက်ဘဲ ကုတင်ပေါ်ခြေဆင်းဝင်ထိုင်ကာ ငယ်လေးခေါင်းကို ပေါင်ပေါ်တင်ပြီး ခပ်ဖွဖွပွတ်သပ်သည်။
သက်သာသွားမှာပါ သက်သာသွားမှာ ငယ်လေးအခုအိပ်လိုက် အိပ်ရာနိုးရင်မနာတော့ဘူးနော်
အိပ်ရာနိုးရင် တကယ်မနာတော့ဘူးလားဟင်
အင်း မနာတော့ဘူး ကိုကို့ကိုယုံတယ်မလား
အရည်လဲ့နေတဲ့မျက်လုံးလေးတွေခေါင်းငြိမ့်လာသည်။
အိပ်တော့ အိပ်တော့
ငယ်လေးရဲ့ နှဖူးကို ခပ်ဖွဖွပွတ်ပေးနေလို့ ကလေးအိပ်ပျော်သွားပြီး မကြာခင်မှာ
ကုတင်ကိုကျောမှီလျက်နှင့်ပင် သူပါအိပ်ပျော်သွားခဲ့သည်။
ငမွှေထိုးလေးက ဒဏ်ရာနာနေတဲ့အချိန်ပဲအငြိမ်နေသည်။ အနာကျက်သွားတာနဲ့ အရင်လို ပြန်ဖြစ်သွားသည်။
သူ့ကိုအရင်ကထက်ပိုချွဲလာပြီး အလုပ်လုပ်တာကိုလည်း နှောင့်ယှက်တတ်လာသည်။ ဆူလိုက်တိုင်း မျက်နှာငယ်နှင့် ငိုတတ်လွန်းလို့ နောက်ဆုံးချော့ရတာက သူပဲဖြစ်သည်။
လူတွေနဲ့တစ်ထေရာတည်းဖြစ်သွားတာကိုသဘောကျနေတဲ့ ကလေးပေါက်စက ရပ်ကွက်ထဲမှာ အချစ်ခံလေးပင်။ အိမ်နီးနားချင်းတွေလာပေးသမျှကို ထိုင်စားနေရလို့ ငယ်လေးတင်မဟုတ်ဘဲ သူပါအတော်လေးဝိတ်တက်နေပြီ။
ရာသီတွေ တစ်မျိုးပြီးတစ်မျိုးပြောင်းသွားပြီး ငယ်လေးနဲ့အတူရှိနေလို့ သူ့ကိုယ်သူပိုသဘောကျသည်။ အချိန်တွေကုန်သွားပေမဲ့ အချစ်တွေကတော့ သစ်လွင်နေဆဲဖြစ်သည်။
ဒီဘဝတော့ လိုချင်တပ်မက်တာတွေထပ်မရှိတော့ပဲ ငယ်လေးကို ရင်ခွင်ထဲထည့်ထားရုံနဲ့ပင် ပြည့်စုံ၏။
စက်ဘီးခြင်းထဲက နေကြာတွေပဲသိတဲ့ လက်ထပ်ပွဲလေးရှိပြီး ကောင်းချီးပေးတဲ့သူက မိုးရေစက်တွေဖြစ်သည်။
ပန်းခြောက်လက်စွပ်လေးကိုဖွဖွနမ်းရတော့ နိဗ္ဗာန်ဆိုတာကို ရောက်ဖူးသွားသည်။ အဆုံးသတ်မှာ ပန်းတွေထက်ချစ်ရမည့်သူကို ရှာတွေ့နိုင်ခဲ့ပါသည်။
-The End-
ESTÁS LEYENDO
Historia Cortaချစ်ခြင်းရဲ့ ပုံပြင်တွေ အိပ်ရာဝင်ချိန်တိုင်း မင်းကိုမောင်ပြောပြမယ် နားထောင်လှည့်ချစ်သည်းငယ်