Always bring me happiness

3.4K 436 78
                                    

Part - 2

စနေနေ့ ညနေ လေးနာရီ။

ကျန်းဟောင့်ဟာ နာရီကို ငုံ့ကြည့်မိလိုက်ပြီးနောက် ခပ်လှမ်းလှမ်း တစ်နေရာတွင် မြင်နေရသည့် ကဖေးဆိုင်ထံသို့ ဦးတည်ပြီးတော့ လျှောက်သွားမိလိုက်သည်။ ဆိုင်ထဲသို့ မဝင်မီ၌ သူဟာ သူဝတ်ထားသည့် ဟူဒီနှင့် လွယ်အိတ်ကို ကျကျနနလေး ဖြစ်အောင် ပြန်ပြင်လိုက်ပြီးကာမှ တံခါးကို တွန်းဖွင့်ပြီး အတွင်းသို့ လျှောက်သွားခဲ့လေ၏။

ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် နွေးထွေးလှသည့် အရှိန်အဝါတစ်ခုက သူ့ကို ဆီးကြိုနေလျက်သား။ အညိုရောင်ဖျော့ဖျော့များကို အများဆုံးသုံးပြီး အလှဆင်ထားသည့် ကဖေးဆိုင်ဟာ တစ်ခါလာပြီးလျှင် အကြိမ်ပေါင်းများစွာ ထပ်ပြီးတော့ လာချင်အောင် ဆွဲဆောင်နိုင်စွမ်းတို့အပြည့်။ မှိန်ဖျော့နေသည့် မီးလုံးလေးများကလည်း အနားယူလို့ကောင်းမည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။

သို့သည့်တိုင် ကျန်းဟောင့်က ကျောင်းပိတ်ရက်တိုင်းလိုလို ဤကဖေးသို့ လာခဲ့ရခြင်းမှာ ထိုအကြောင်းအရင်းကြောင့်သက်သက်သာဟု ပြောခဲ့ပါလျှင် မှားယွင်းရာ ကျသွားပါလိမ့်မည်။

ကောင်တာနားသို့ မရောက်မီ၌ သူ့အကြည့်များ ရောက်သွားရာသည်ကား ကော်ဖီတစ်ခွက်ကို ကြိုးစားပမ်းစား ပုံဖော်နေပါသည့် Barista တစ်ယောက်ထံသို့ပင်။ အညိုဖျော့ရောင် ဆံပင်ရှည်များက မျက်ခုံးပေါ်သို့ ကျော်အောင် ဝေ့ကျနေခဲ့ပြီး ပါးထက်တွင် အချိုင့်ရာရေးရေးလေးများ ထင်နေအောင် ပြုံးနေသည့် လူကို ကြည့်ရင်းဖြင့် ကျန်းဟောင့်ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရပြန်ကာ ဒီနေ့တော့ စကားပြောဖြစ်အောင် ပြောမည်ဆိုပြီး သတ္တိမွေးထားသမျှ စိတ်တိုင်းကလည်း နေပူထဲရောက်နေသည့် ချောကလက်တစ်တောင့်လိုမျိုး ချက်ချင်းအရည်ပျော်ကျသွားရသည်။

ထို့ကြောင့် ကောင်တာရှေ့နားသို့ ရောက်သွားသည့်အခါ ကျန်းဟောင့်ခမျာ ခေါင်းတောင် မမော့ရဲတော့ဘဲ စားပွဲကိုပဲ ငုံ့ကြည့်ရင်း အော်ဒါမှာရလေ၏။ အတွင်းစိတ်ထဲ၌မူ မဝံ့မရဲဖြစ်နေသည့် သူ့ကိုယ်သူ ထုထောင်းနေလျက်သား။

Midnight Fictions : BNB One ShotsWhere stories live. Discover now