You Are My Sunshine - I

3.2K 303 6
                                    

Part - 1

-This is heavily inspired from MikitoPs Shoujo Rei-

Trigger Warning - heavily mention of suicide, murder, bullying, assault and traumas. Everything mentioned here is fictitious.

နေ့တိုင်းနီးပါး ဖြတ်နေကျ ဖြစ်ခဲ့သည့် မီးရထားသံလမ်းဟာ ယနေ့မှ စိမ်းသက်သက်နိုင်လွန်းလှသည်။ နွေရာသီ ဖြစ်လေသောကြောင့်လား အချို့သော အကြောင်းအရင်းများကြောင့်လားတော့ မသိပါချေ ၊ ကျောပြင်ထက်မှ ချွေးစများက ရှုပ်အင်္ကျီအဖြူကို ကျောပြင်နှင့် ကပ်စေနေသော်ငြား ဖွဖွလေး တိုက်လှသည့် လေပြေများက ဆံပင်အဖျားများကို လှုပ်ယမ်းသွားစေပြီး ပါးပြင်ထက်ကို စိမ့်ခနဲ ဖြစ်သွားစေ၏။

နောက်သို့ ပြန်လှည့်ကြည့်လိုက်သည့်အခါ ဝါရင့်ရင့်အရောင် ရှိနေသည့် ကျောင်းအဆောက်အဦ၏ အပေါ်ထပ်က အစိမ်းရောင်သစ်ပင်များထက်တွင် ခေါင်းပြူလျက်။ သူ ရင်းနှီးနေသည့် မြင်ကွင်းက သူ့ရင်ထဲမှ နာကျင်မှုများကို ပိုပြီးတော့ တိုးပွားလာစေခဲ့သလိုပင်။ အရာအားလုံး၏ မြစ်ဖျားခံရာဟာ ထိုကျောင်းဆောင်များပင် မဟုတ်ပါလား။

ညာဘက်ဘောင်းဘီအိတ်ကပ်ထဲတွင် ထည့်ထားခဲ့သည့် ကီးချိန်းကို ထုတ်ကြည့်လိုက်သည့်အခါ တိမ်တိုက်ပေါ်တွင် တင်နေသည့် နေမင်းက သူ့ကို ပြုံးပြလျက်။ ထပ်ပြီးတော့ မတွန့်ကွေးနိုင်တော့ဟု ထင်မှတ်ထားခဲ့သည့် သူ့ နှုတ်ခမ်းသားများက ထိုကီးချိန်းကို မြင်လိုက်သည့်အခါ အနည်းငယ်မျှတော့ ပြုံးရိပ်တို့ ထင်သွားခဲ့ရ၏။

ထို့နောက်တွင်မူ ထိုကီးချိန်းကို ဘောင်းဘီအိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး စိတ်ထဲတွင် အချိန်ကို ရေတွက်နေမိခဲ့လေ၏။ ချောက်ကမ်းပါးထက်တွင် ရပ်နေရသလိုမျိုး ဖြစ်နေရသည့် သူ့ဘဝကို မည်သူကမှ မကယ်နိုင်တော့။ အစမ်းသပ်ခံကြွက်တစ်ကောင်ကို ချောင်ပိတ်ထားသလိုမျိုး ဖိနှိပ်ခံခဲ့ရသည့် ချုပ်ချယ်မှုများအကြားတွင် သူက သူ့ကိုယ်သူ ထာဝရ ဆုံးရှုံးလိုက်ရသည်။

ခြေအိတ်မပါတော့သည့် ဗလာကျင်းနေသော ခြေဖဝါးက မီးရထားသံလမ်းထက်သို့ နင်းမိလိုက်ချိန်တွင် အေးမြနေသည့် အထိအတွေ့က အာရုံကြောများမှတစ်ဆင့် ဦးနှောက်ထံသို့ လာပြီးတော့ အသိပေးရှာ၏။ လက်မှ ပါးလျသည့် မွေးညှင်းများကို အနည်းငယ်မျှ ထောင်တက်သွားစေလောက်သည့် အေးစက်မှုမျိုး ဖြစ်နေပါသည့်တိုင် သူ ခြေထောက်ကိုတော့ ပြန်ပြီးတော့ မရုတ်မိခဲ့။ မီးရထားမောင်းဆွဲသံက သိပ်ပြီးတော့ မကွာလှသည့် အကွာအဝေးထံမှ ကျယ်ကျယ်လောင်လောင်ကို ကြားနေရသည်။ ဘရိတ်ကို အုပ်ဆွဲနေသလိုမျိုး အသံများကိုလည်း ကြားနေရပါသည့်တိုင် သူ့စိတ်ထဲမှ တွက်ချက်မှုက မမှားနိုင်လေကြောင်း သူ အသိပင်။

Midnight Fictions : BNB One ShotsWhere stories live. Discover now