ပြဒါးထက်က ညံ (၁) Unicode
-ပြဒါးထက်-
ဝသန်မိုးဦးကာလ၏မနက်ခင်းလေဟာ အေးစိမ့်စိမ့်။ မနက်ခင်းဟုဆိုရပေမဲ့လည်း နေမထွက်သေးသည့် သန်းခေါင်ကျော်ချိန်ကို ဘယ်လိုညွှန်းဆိုရမယ်မှန်း မသိပါပေ။
နေမထွက်သေးခင်အချိန်မှာတောင် အလုပ်ကြိုးစားနေတာဆိုလို့ ပဲပြုတ်သည်များနှင့် အောင်စာရင်း စောင့်နေသည့် လူတစ်သိုက်သာ ရှိလိမ့်မည်။ ကျောင်းသားမိဘ တချို့နှင့် ကျောင်းသူကျောင်းသားတချို့ကလည်း အလင်းရောင် မပေါ်သေးသည့် ကောင်းကင်အောင်တွင် ငူငူလေးရပ်စောင့်သူက စောင့်၊ ဆောင့်ကြောင့် ထိုင်နေသူကလည်း ဆောင့်ကြောင့်ထိုင်ကာ စောင့်နေကြဆဲ။ကျောင်းတံခါးက အခုထိမဖွင့်သေးပေ။ သူ့ရဲ့ချစ်လှစွာသော သူငယ်ချင်းကတော့ သူ့ ခြေသလုံးနားတွင်မှီကာ ငုတ်တုတ်ထိုင်အိပ်နေသည်။ ဒေါ်ထားမေ ကောင်းမှု အကြောင်းပြုပြီး နှစ်ယောက်လုံး အိပ်ချင်မူးတူး ထလာရတာကြောင့် ဘေးကကောင် မျက်လုံးကြီး မှေးစင်းနေတာကိုတော့ အပြစ်မဆိုချင်။ ထိုစဉ်မှာပဲ တံခါးပေါက်နား ရောက်လာသည့် ကျောင်းစောင့်ကိုတွေ့တာမို့ ပြဒါးထက် အိပ်နေသည့် သူကောင်းသားကို ခြေထောက်ဖြင့် လှုပ်နိုးလိုက်ရသည်။
"ဟိတ်ကောင် ထစမ်း! ဟိုမှာ ကျောင်းတံခါးဖွင့်ပြီ"
"ဟမ်ဟမ်.. ဘာဖြစ်တာလဲ"
မျက်လုံးကို နှစ်ဆယ် ဒီဂရီလောက်သာ ဖွင့်လာသော ကောင်ကို ခြေထောက်နဲ့ တွန်းလွှတ်လိုက်ပြီး ပြဒါးထက် တစ်ယောက်တည်း သွားဖို့ပြင်ရတော့သည်။
"မသွားနဲ့… မသွားနဲ့ လူတိုးရမှာ ငါပဲသွားမယ်"
ပြောရင်း ဟိုခါသည်ခါနှင့် ထသွားသော ဩဃညံက ကျောင်းရှေ့က ကျောက်တုံးကို မမြင်ဘဲ မှောက်လဲမလိုတောင် ဖြစ်သွားသေးသည်။
(ဩဃညံ= ဩ(ဂ)ညံ လို့ဖတ်ပါ)
ညံနှင့် သူ အပေါင်းအသင်းလုပ်လာတာ ဆယ်စုနှစ်တစ်ခုရှိပြီဖြစ်သည်။ ပြောရလျှင် မွေးကတည်းက ဆိုပါတော့။ ပြဒါးထက်အမေ ဒေါ်ထားမေနဲ့ ညံ့ အမေ ဒေါ်ဖြူဝင်းသက်က ငယ်သူငယ်ချင်း။ အိမ်ထောင်ကျတော့လည်း အဖွဲ့ထဲက ယောက်ျားလေးသူငယ်ချင်းတွေနှင့် ညားသည်မို့ အိမ်ထောင်စုနှစ်စု၏ခင်မင်မှုက တော်ရုံတော့မဟုတ်။ ဒေါ်ထားမေ ယောက်ျား၊ ပြဒါး၏အဖေကတော့ ပြောဖူးသည်။
YOU ARE READING
Mini Stories
RomanceMini stories written by frost. All mini stories are Boylove Romance.