မေ့မရခဲ့သော......
ဆောင်းအကုန် နွေဦးရာသီသို့ကူးပြောင်းစအချိန်။ဆောင်းကုန်တာမကြာသေးတာကြောင့် ဆောင်းလေကလည်း အနည်းငယ်တိုက်ခတ်လို့နေသည်။
ထိုဆောင်းလေနဲ့အတူ သစ်ရွက်ခြောက်တွေကလည်းလေပေါ်တွင်တလွင့်လွင့်။ကျောင်းသွားသည့်လမ်းတလျှောက်တွင်တော့ Ginkog ပင်များစီတန်းပေါက်ရောက်နေသလို လေတချက်ဝှေ့လိုက်တိုင်း အဝါရောင် Ginkgo အရွက်လေးများဟာ လေပေါ်မှတဆင့် မြေပြင်ပေါ်သို့သက်ဆင်းသွားကြသည်။ထို့ကြောင့်ကျောင်းသွားသည့်လမ်းတလျှောက်ဖျာခင်းထားသဖွယ် Ginkgo အရွက်လေးများသည် လမ်းမပေါ်တွင် ဝါဝါထိန်ကာ ပြန့်ကြဲနေကြသည်။ထိုအဝါရောင်လမ်းတလျှောက်စက်ဘီးလေးကိုမိုင်ကုန်နင်းနေသောလူသားငယ်။
ထိုလူသားငယ်ဟာ အားသုံးကာနင်းနေရတာကြောင့် ဖြူနုနေတဲ့မျက်နှာဟာ နီရဲရဲလေးဖြစ်နေကာ နဖူးမှစ တကိုယ်လုံးချွေးစက်လေးတွေနှင့်ပင်။ထိုသို့အပြေးအလွှားသွားရခြင်းအကြောင်းမှာ ကျောင်းခေါ်ရန် မိနစ်နှစ်ဆယ်သာသာ သာလိုတော့တာကြောင့်ပင်။အချိန်ပိုင်း အလုပ်တဖက်နှင့်မို့ ကျောင်းကိုဘယ်တော့မှစောစောမရောက်ခြင်းဖြစ်သည်။ခုလိုအပြေးအလွှားသွားရတဲ့နေ့တွေကပိုများတာကြောင့် ပင်ပန်းတယ်လို့လည်းမထင်မိတော့ပေ။
ကျောင်းကပိုက်ဆံရှိဂျလေဘီလေးတွေရဲ့စာအုပ်ကိုယူကာ စာကူးပေးရတဲ့အတွက်ပိုက်ဆံရသလို မနက်တိုင်းလိုလို ကျောင်းရဲ့မလှမ်းမကမ်းမှာ ရှိတဲ့ Ginkgoသစ်ပင်ကြီးရဲ့အောက် ခုံတန်းလျားလေးမှာ ပါလာတဲ့မုန့်လေးတွေကိုထိုင်စားရင်း ဂျလေဘီလေးတွေအလာကိုစောင့်ကာ သူတို့စာအုပ်လေးတွေကိုအပ်ကာ ကိုယ့်လုပ်အားခကိုယူပြီး အချိန်ပိုင်းအလုပ်ကိုစက်ဘီးလေးနဲ့အတူပြေးခဲ့ရတာလည်းနေ့တိုင်းလိုလိုပင်။
အချိန်ပိုင်းအလုပ်ပြီးတော့ အိမ်ပြန်ကာ ဆွေမျိုးဆိုလို့တဦးတည်းရှိတော့တဲ့အဖွားဖြစ်သူကို ကျောင်းမုန့်ဖိုးမှလွဲအကုန်အပ်ကာ ရေချိုးအဝတ်စားလဲပြင်ဆင်ကာ အဖွားစီစဉ်ပေးထားတဲ့ထမင်းချိုင့်လေးကိုဆွဲကာ စက်ဘီးအပြာရောင်လေးကို ကျောင်းမမှီမှာစိုးတာကြောင့် အသဲအသန်နင်းကာ သွားလာလှုပ်ရှားရတာနေ့တိုင်းလိုလိုပင်။