ချစ်တယ်လို့ ပြောပြီး နောက်နေ့ ရောက်မလာတော့ ဟျောင်း ရှက်များသွားတာလားလို့ တွေးမိပေမယ့် တစ်ရက် နှစ်ရက်ကနေ ခုနှစ်ရက်ထိ ကြာတော့ ဟျောင်းသူ့ကို ghost သွားတာပဲ ဆိုတာ သေချာသွားတယ်။ ဟျောင်းက ဒီလိုလူမျိုးလားဆိုတဲ့ အတွေးက သိမ်းထားခဲ့တဲ့ ဒေါသတွေ အရှိန်အဟုန်နဲ့ ပြန်ထွက်လာသလို။ ဟျောင်းလည်းအချိန်တန်တော့ တခြားသူတွေလို သူ့ကို ထားရစ်ခဲ့တာပဲဆိုတာကို လက်မခံချင်ဘဲ လက်ခံလိုက်ရတဲ့အခါ။
-----+++++----
မိုးလင်းနေတာကို သိတဲ့ အသိကိုမုန်းတယ်။ မနက်စာကို သေချာစားရဲ့လားဆိုပြီး စောင့်ကြည့်နေတဲ့ မေမေ့အကြည့်ကို မမြင်ရပေမယ့် သိနေရကာ။ ခဏနေရင် မမက ကျောင်းသွားတော့မယ်ဆိုပြီး လာနှုတ်ဆက်မယ်။ မမြင်ရပေမယ့် သနားသလို ကြည့်နေမယ်ဆိုတာကိုလည်း ခံစားမိတယ်။ လူက အသုံးမကျတဲ့အပြင် ဂရုစိုက်ခံနေရတော့ ကိုယ့်ကိုယ်ကိုယ်ပဲ မုန်းတာပိုရတယ်။
တအိမ်လုံးတိတ်ဆိတ်နေတယ်။ မက်သရူးရော တိတ်ဆိတ်နေတယ်။ မက်သရူးနားထဲ ခြေသံဖွဖွ တံခါးခေါက်သံ။ ဒေါသတွေ ရင်၀ဆောင့်တက်လာပြီး တံခါးဖွင့်သံကြားတာနဲ့ တံခါးရှိရာဘက်ကို ခေါင်းအုံးတွေရော ဘာတွေမှန်းမသိ မက်သရူးလက်ထဲ ရောက်လာသမျှ ပစ္စည်းတွေ အကုန်ပစ်ပေါက်ကာ
"ထွက်သွား။ အခန်းထဲကို ဘယ်သူက ပေး၀င်လို့ ၀င်လာတာလဲ။ ဒီအခန်းက ၀င်ချင်သလို ၀င် ထွက်ချင်သလို ထွက်။ လာချင်လာ မလာချင်နေလို့ရတဲ့ အခန်းမလို့လား အခုထွက်သွား"
မက်သရူး အသံကုန်ဟစ်ပြီး အော်လိုက်တယ်။
"မက်သရူးရား"
အဲ့လို နွေးထွေးတဲ့ ပုံပေါက်နေသလိုဖြစ်နေတဲ့ အသံကို မုန်းတာ။
"ထွက်သွား ထွက်သွားလို့ ပြောနေတယ်နော်"
ဒေါသတကြီး အော်ဟစ်နေတဲ့ မက်သရူးကို ထိတာနဲ့ ရုန်းကန်နေတာမို့ ဟန်ဘင်း မက်သရူးကို တင်းတင်းဖက်လိုက်ကာ
"မက်သရူးရား ဟျောင်းရှင်းပြတာ နားထောင်ပါဦး"
"မကြားချင်ဘူး။ ခင်ဗျားကို ထွက်သွားလို့ပြောနေတာနော်။ ခင်ဗျားရစရာရှိရင် မေမေနဲ့ ရှင်းချေ။ သွား ခုထွက်သွား"