ကောင်းကင်ကြီးတစ်ခုလုံး ထွန်းလင်းနေသော လပြည့်ည။ လေပြေအေးလေးများဟာ တဖြူးဖြူးတိုက်ခတ်နေ၏။ လမင်းကြီးသည် ကောင်းကင်ပေါ်တွင် အလင်းရောင်ကိုအပြည့်အဝပေးနိုင်ရုံသာမက ထိုအလင်းရောင်များကိုကမ္ဘာမြေပေါ်သို့ ဖြာဆင်းစေသည်။ မှိတ်တုပ်မှိတ်တုပ်ကြယ်လေးများက လမင်းကြီးကိုဝန်းရံထားပြီး ညတိမ်ယံများသည် လေပြေနှင့်အတူ ကောင်းကင်တစ်ခွင်မျောပါနေ၏။
ဒီလိုညမျိူးမှာ အခန်းမီးပိတ်၊ ပြတင်းပေါက်လေးကိုဖွင့်ကာ ကောင်းကင်ရှု့ခင်းကြည့်ရတာမျိုးက စေတမန်အလွန်နှစ်သက်သောအရာ။ ထိုအချိန်ဟာ စိတ်ရဲ့ပင်ပန်းမှုတွေကိုကွယ်ပျောက်စေပြီး အေးချမ်းတည်ငြိမ်မှုကိုဖြစ်စေသည်။ တိမ်ယံတွေကြားထဲမှာ ပျောက်လိုက် ပေါ်လိုက်ဖြစ်နေသော လမင်းကြီးကိုကြာကြာကြည့်မိလျှင်ဖြင့် အလွမ်းဓာတ်ကလေးကိုဖြစ်ပေါ်စေလိမ့်မည်။
စေတမန်သည် ပြတင်းပေါက်လေးနံဘေးတွင်ထိုင်၍ ကောင်းကင်ကြီးကို အချိန်အတန်ကြာငေးကြည့်နေမိသည်။ လေပြေနှင့်တိမ်ဆိုင်များက ပေးသောအေးချမ်းမှုကိုတော့ စိတ်ကခံစားရပြီး လမင်းကြီးကပေးသော အလွမ်းဓာတ်လေးကတော့ တစ်စုံတစ်ယောက်ဆီမှာ........။
လက်ထဲမှာကိုင်ထားတဲ့ဖုန်းလေးကိုဖွင့်ပြီး 'မြူ' ဆိုတဲ့ contact လေးကိုနှိပ်လိုက်မိသည်။ ဒီအချိန်ဆို မြူ အိပ်နေလောက်မလား။ ဖုန်းဆက်ရန်မှာ ဝန်လေးတာကြောင့် SMSဆီသို့လက်ကလေးထောက်လိုက်သည်။
(မြူ..... အိပ်ပြီလား)
ဒါမြူ့ဆီကို ပထမဆုံးပို့တဲ့စာ။ မြူအိပ်နေလျှင်တော့ စာမပြန်ပဲနေလိမ့်မည်။ မအိပ်သေးရင်တော့ စာပြန်မယ်လို့ မျှော်လင့်မိပါသည်။ ရာနှုန်းပြည့်တော့ ယုံကြည်ချက်မရှိပါ။ မြူက နားလည်ရခက်တဲ့လူမို့။
(မအိပ်သေးဘူး မင်းရော?)
၃မိနစ်လောက်အကြာမှာ ဝင်လာသော မြူ့ဆီကပြန်စာ။ မြူ မအိပ်သေးဘူးပဲ။ စာပြန်တာကိုတောင် သူ ကံကောင်းနေသလို ခံစားရ၏။ မြူ့စိတ်နဲ့ဆို စာပြန်ဖို့က မသေချာဘူးမဟုတ်လား။
(ငါလဲမအိပ်သေးဘူး....)
(မိုးချုပ်နေပြီနော်....ငါကခဏနေရင်အိပ်တော့မှာ။ မင်းလဲအိပ်တော့လေ)
YOU ARE READING
မြူ
Romanceသူငယ်ချင်းဆိုတာ အချိန်တန်ရင်ခွဲခွာပြီး ကိုယ့်ဘဝကိုယ်လျှောက်လှမ်းကြရပေမယ့် ချစ်သူဆိုတာ နှစ်ယောက်ပေါင်းစည်းပြီး ဘဝတစ်ခုကို လျှောက်လှမ်းကြရတယ်......