Part - 4

3K 284 14
                                    

ယောမိဖုရားက ဆူးညှာလက်ကို ဖယ်ချ၍ ကိုယ်ကို ဘေးစောင်းပစ်လိုက်လေသည်။ မျက်နှာထားမှာ ပိုတင်းမာနေသဖြင့် ဆူးညှာ နားမလည်နိုင်ဖြစ်သည်။

"အသင်က မိဖုရားအဆောင်တော်သို့ ဖိနပ်တော်မခင်းဘဲ ဝင်လာဝံ့သလား၊ တယ်ရိုင်းပေတယ်၊ အတွင်းဖိနပ်တော် မယ်မင်းက မင်းသမီး၏ဖိနပ်တော်ကူချွတ်ပေးလိုက်ချေ”

ထန်းမှုတ်စေ့မျှသာရှိသော သျှောင်ဖြူဖြူလေးထုံးထားသည့် ဆယ်နှစ်အရွယ်ကောင်မလေးတစ်ဦးက ခပ်ရို့ရို့ ရှေ့သို့ တိုးလာသဖြင့် ဆူးညှာ ကပျာကယာထရပ်၍ ဖိနပ်ကို ချွတ်လိုက်သည်။ ကောင်မလေးက ဆူးညှာ၏ဖိနပ်ကို ယူ၍ အဆောင်ပြင်သို့ ထွက်သွားလေသည်။ ထိုခေတ်၌ အတွင်းဖိနပ်တော်ဆိုသည့်ရာထူးလည်းရှိလေ၏။

"ထိုင်တော်မူပါမင်းသမီး”

ယောမိဖုရားသည် ဆူးညှာကို မကြည့်ဘဲ တစ်ဖက်လှည့်ပြောကာ ရွှေခွက်ထဲသို့ ရေနွေးကြမ်းဌဲ့နေ၏။ ဆူးညှာ သလွန်၌ ထိုင်လိုက်သည်။ ယောမိဖုရားသည် ဆူးညှာကို နည်းနည်းမှ နှစ်သက်ခြင်းမရှိကြောင်း သူမ၏တင်းတင်းစေ့ထားသောလေးကိုင်းသဏ္ဌန်နှုတ်ခမ်း၊ တွန့်ချိုးထားသည့်မျက်ခုံး၊ မျက်ရည်ခိုနေသောမျက်လုံး၊ အပြုံးမရှိသောမျက်နှာတို့က သက်သေထူနေသည်။ ဆူးညှာအသက်ကို ကယ်တင်ပေးခဲ့သည့် ဤမိဖုရားက ဆူးညှာကို မုန်းနေသည့်ဟန်ပင်ရှိသည်။

"လာရင်းအကြောင်းပြောပါ့မင်းသမီး”

ဆူးညှာ မယ်အုံကို မျက်ရိပ်ပြလိုက်တော့ မယ်အုံက ဘေးတွင် ထားရှိသည့် ပန်းဆီရေ​မွှေးကို ယူကာ သလွန်ရှေ့သို့ ဒူးတုပ်လျှောက်လာလေသည်။ ပြီးနောက် ယောမိဖုရားကို ဆက်သ၏။

"မဖုရားအတွက် မင်းသမီးဆက်သတော်မူသည့်လက်ဆောင်ပါဘုရား၊ အိန္ဒိယပြည် ဂိုအာမှ တင်ပို့သည့် အထူးပန်းဆီရေမွှေးဖြစ်ပေတယ်ဘုရား”

ယောမိဖုရားက ပန်းဆီရေမွှေးကို ကြည့်ပြီး ညာဘက်နှုတ်ခမ်းထောင့်စွန်းမဲ့ပစ်လိုက်သည်။ လက်ဆောင်ကို မယူငင်ဘဲ လက်တို့က ပေါင်ပေါ်၌ ယှက်တင်ထားလေ၏။ မယ်အုံက ခေါင်းငုံ့၍ ဆက်သရင်း လက်ညောင်းသဖြင့် လက်တုန်လာကြောင်းမြင်တော့ ဆူးညှာလှမ်းယူကာ အပါး၌ ထားလိုက်သည်။ ယောမိဖုရားနှင့်ဤခန္ဓာပိုင်ရှင်မင်းသမီး ရန်များဖြစ်ထားသလားတွေး၍ ဆူးညှာအောင့်သက်သက်ဖြစ်သွားသည်။

Dr. Princess/ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်Where stories live. Discover now