"ဒယ်ဒီ သားတို့က အခု ဘယ်ကို သွားနေတာလဲဟင်"
"မက်ချူးလေး သိပ်သဘောကျတဲ့ လေယာဉ်ကြီးတွေ ရှိတဲ့ နေရာကိုပေါ့"
"ဝါး... တကယ်လား လေယာဉ်ကြီးတွေဆီ သွားနေတာလား?"
"တကယ်ပေါ့ လေယာဉ်ကြီးက ခေါ်သွားမယ့် နေရာမှာ မက်ချူးလေးနဲ့ ဒယ်ဒီ့ကို စောင့်နေတဲ့သူတွေ ရှိတယ်"
"ဘယ်သူတွေကလဲ ဒယ်ဒီ"
"ဒယ်ဒီနဲ့ သိပ်ကို ခင်မင်ရင်းနှီးကြတဲ့ သူတွေပေါ့ မက်ချူးလေးကိုလည်း သူတို့က သိပ်ချစ်ကြမှာ.."
"မက်ချူးလေးက သူတို့ကို တွေ့ရင် ယဉ်ယဉ်ကျေးကျေးလေး နှုတ်ဆက်ရမယ်နော်"
"ဟုတ်ကဲ့ ဒယ်ဒီ"
----------------------
သန့်ရှင်းသပ်ရပ် ပြောင်လက်နေသော အဆောက်အအုံကျယ်ကြီးထဲမှာ ဒယ်ဒီ့လက်ကို ဆွဲလို့ လျှောက်နေသော မက်သရူးငယ်၏ ခေါင်းက သူ့မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မည့် လေယာဉ်ကြီးကိုသာ အသည်းအသန် လှည့်ကြည့်နေသည်။"အီသန်...သူငယ်ချင်း... မတွေ့ရတာ ကြာပြီကွာ..."
ခန့်ညားသော ရုပ်ရည်ဖြင့် ဒယ်ဒီနှင့် ရွယ်တူလောက်ရှိသည့် ဦးဦးတစ်ယောက်က ဒယ်ဒီ့ကို ပြေးဖက်ကာ နှုတ်ဆက်နေသည်။
"အီသန်... အမ်မလီ့သတင်းကြားရတာ စိတ်မကောင်းစရာပါပဲ....."
ဟိုဦးဦးဘေးမှ အန်တီက မေမေ့နာမည်ကို ပြောလိုက်သည်။ နောက်က စကားကိုတော့ သူသိပ်နားမလည်။ ထိုအန်တီက သူ,မကျွမ်းကျင်သေးသည့် ကိုရီးယားဘာသာစကားကို သုံး၍ ပြောလိုက်ခြင်းကြောင့်~~
မေမေ့နာမည်ကို ထိုအန်တီက ပြောလိုက်တော့ ဒယ်ဒီ့မျက်နှာက အနည်းငယ် ညှိုးနွမ်းသွားသည်။
ဟိုးတစ်နေ့ညက...
လွန်ခဲ့သော သုံးရက်လောက်က ထင်ပါရဲ့..ဒယ်ဒီက မက်သရူးကို မေမေ့အကြောင်း ပြောသည်။မက်ချူးလေးရဲ့ မေမေက ကောင်းကင်မှာ ကြယ်ပွင့်လှလှလေး ဖြစ်သွားပြီတဲ့။ မေမေက အဲ့ဒီ့မှာ ပျော်နေတယ်တဲ့လေ အဲ့ဒါကြောင့် မေမေနဲ့ ပြန်တွေ့ရဖို့က ကြာဦးမှာတဲ့...
မေမေ့ကို အဖြူနဲ့ အနက်စပ်ကြား မလှမပ ဆေးရုံ၀တ်စုံကြီးနဲ့ တွေ့စဉ်က နှုတ်ခမ်းတွေ ဖြူဖပ်ဖြူရော်နှင့် မေမေက မက်သရူးကိုတော့ တောက်ပစွာ ပြုံးပြခဲ့သည်။
မေမေနဲ့ မြန်မြန် ပြန်တွေ့ချင်ပြီ ဆိုပေမယ့် မေမေက အဲ့မှာ ပျော်နေတယ်ဆိုတော့ မက်ချူးလေးလည်း ပျော်သည်။ ဒါကြောင့် မေမေ ပျော်လို့ ၀ပြီဆိုမှ မက်ချူးလေးဆီ ပြန်လာမည်ဆိုလျှင်လည်း ရပါသည်။
.
."သားလေးတောင် အတော်ကြီးလာပြီပဲ"
ဒယ်ဒီ့ကို နှုတ်ဆက်နေသော ဦးဦးက မက်သရူးဘက်လှည့်ပြီး နှုတ်ဆက်လာပြန်သည်။
"မင်္ဂလာ နေ့လယ်ခင်းပါ ခင်ဗျ ဆော့မက်သရူးလို့ ခေါ်ပါတယ်ခင်ဗျ"
လက်သေးသေးလေး တစ်ဖက်က ဖခင်ဖြစ်သူ၏ လက်ကို ဆွဲကိုင်ရင်း တဗျဗျနှင့် ခါးလေး ကိုင်းညွတ်ကာ နှုတ်ခွန်းဆက်သနေသော ကလေးငယ်၏ ပုံစံက အတိုင်းထက်အလွန် ချစ်ဖို့ ကောင်းနေသည်။
"သားရေ သားလေးလည်း ကိုကို့ကို နှုတ်ဆက်လိုက်ပါဦး"
"ဟွန့်... မနှုတ်ဆက်ချင်ပါဘူး"
အီသန်တို့ သားအဖနှင့် သူ့သူငယ်ချင်းတို့ မိသားစု စနှုတ်ဆက်ကြကတည်းက ထိုကလေးလေးက သူ့မိခင်၏ နောက်မှာ ပုန်းနေခဲ့သည်။
ထိုကလေးက လူစိမ်းတွေနှင့် တွေ့ဆုံရသည်ကို မကြိုက်။ ဒီမနက်လည်း သူ,မလိုက်ချင်ပါဆိုသည်ကို အမေနှင့် အဖေက အတင်းအကြပ် ဆွဲခေါ်လာကြခြင်း ဖြစ်သည်။
"သားလေးနဲ့ ဆော့ဖို့ ကိုကို တစ်ယောက်ပါ ပါလာမှာ မပျော်ဘူးလား ဆော့ဖို့ အဖော်ရပြီလေ"
မေမေက မနက်ကပြောတော့ ကိုကိုတဲ့။
ကိုကိုက သူ့ထက်ပင် လူကောင်ညှပ်သေးသည်။
ထိုသေးသေးလေးကို သူကိုကိုဟု မခေါ်နိုင်ပါ။"ရစ်ခီ..သားလေးရေ...အဲ့လို မဆိုးရဘူးလေ"
ထိုအချိန် မက်သရူးလေးက ရှေ့ကို လှမ်းလာပြီး ရစ်ခီ့၏ ပါးလေးတစ်ဖက်ကို သူ့ လက်သေးသေးလေးနှင့် ဖွဖွကလေး ဆွဲညှစ်လိုက်သည်။
"ကိုကို့နာမည်က မက်သရူး... ရစ်ခီက ကိုကို့ရဲ့ ညီလေး လုပ်လေနော်"
ကိုရီးယားသံ သိပ်မပီသေးသော မက်သရူးလေး၏ ရစ်ခီကို အားရ၀မ်းသာ နှုတ်ဆက်နေပုံကြောင့် ရစ်ခီ့ ဖေဖေနှင့် မေမေက မက်သရူးလေးပေါ် အချစ်ပိုလာရသည်။
"ညီလေး မလုပ်ချင်ပါဘူး"
"ဩ်ော.. ကဲ.. ဒီကလေးကတော့"
လူကြီးသုံးယောက်မှာ ရယ်ရအခက်.. ငိုရအခက်..
-----------------------------------------------------------------
@pluvio__phile
2.6.2023 <10:47 pm>
YOU ARE READING
Lean On Me
Fanfiction"ကျွန်တော့်ကို ညီလေးတစ်ယောက်လို ဆက်ဆံနေတာတွေ ရပ်တန်းက ရပ်ပါတော့"