"ပြန်အမ်းငွေပါရှင့်"
ကောင်တာကကောင်မလေးဆီက ပြန်အမ်းငွေကိုလှမ်းယူရင်း ဝတ်လာတဲ့ဂျာကင်အိတ်ကပ်ထဲကိုပြန်ထည့်လိုက်သည်။ နောက်ပြီး ကမ်းပေးနေတဲ့စက္ကူအိတ်လေးကို ထပ်ယူသည်။
"ကိုယ် အိတ်မယူတော့ဘူးနော်"
"ဟုတ်ကဲ့ပါရှင့်"
ကော်ဖီခွက်ကိုပဲထုတ်ယူထားလိုက်ပြီး စက္ကူအိတ်လေးကို ကောင်တာကကောင်မလေးဆီပြန်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်ရှင့်"
ဆိုင်အပြင်ဘက်ကိုလှည့်ထွက်ခါနီး ခါးလေးကိုင်း ၊ ခေါင်းလေးငုံ့ကာပြောလာတဲ့အမူအကျင့်လေးကြောင့် smile line လေးပေါ်သွားအောင်ထိ ပြန်ပြုံးပြဖြစ်ခဲ့သေးသည်။
ဆိုင်ထဲကထွက်ထွက်ချင်း တိုးဝင်လာတဲ့လေထုရဲ့ အအေးဓါတ်ကကြောက်စရာ။
ဝတ်ထားတဲ့ Leather Jacket အမဲရောင်ကို လည်ပင်းတွေထိလုံအောင်တစ်ချက်စေ့လိုက်ရသည်။ အနည်းငယ်လျောကျချင်ဟန်ပြုနေတဲ့ မျက်မှန်အမဲရောင်ကိုင်းကို လက်ညှိုးနဲ့တစ်ချက်ပင့်တင်ရသေး။
ညာဘက်လက်ကကော်ဖီခွက် ၊ ဘယ်ဘက်လက်မှာတော့
Nikon Coolpix Digital Camera အဖြူလေးကိုင်ထားသည်။ ခြေလှမ်းတစ်ချို့ကတော့ အေးအေးဆေးဆေးရှိမယ့်နေရာတစ်ခုလောက်ကိုဦးတည်နေလျက်။ကော်ဖီဆိုင်လေးနဲ့ သိပ်မကွာဝေးတဲ့နေရာတစ်ခုမှာ လမ်းကြားလေးတွေ့လိုက်ရသည်။ ဘေးနှစ်ဖက်မှာတော့ ရှေးဟောင်းဆန်တဲ့အဆောက်အအုံတွေပြည့်နှက်နေတဲ့ လမ်းကြားလေး။ နှစ်ခါမစဉ်းစားတော့ပဲ အဲ့လမ်းကြားထဲက သစ်သားခုံတန်းလေးတွေမှာပဲထိုင်ဖို့ဆုံးဖြတ်လိုက်တော့သည်။
ခုံတစ်ခုမှာနေရာယူရင်း ကော်ဖီခွက်ကိုဘေးခဏချထားရသည်။ ကောင်းကင်ပြာပြာလေးကိုနောက်ခံထားထားတဲ့ တိမ်ဖြူဖြူအစုလိုက်လေးတွေကို မှတ်တမ်းအရင်တင်နေမိသည်။
လေနဲ့အတူလွှင့်နေဆဲဖြစ်တဲ့ တိမ်တိုက်လေးတွေ။
တစ်ချက် တစ်ချက် ဖိလိုက်ရတဲ့ခလုတ်လေးကြောင့် မှတ်တမ်းထဲမှာ တိမ်ပုံလေးတွေအတော်များသွားပြီ။ တစ်ပုံချင်းပြန်ကြည့်ရင်း စိတ်တိုင်းမကျတာတွေဖျက်ပစ်ရင်း ပုံအနည်းငယ်လောက်ကျန်လို့တော်ပါသေးရဲ့။