ပထမဦးဆုံးအကြိမ်ဖြစ်ပေါ်ခဲ့တဲ့ ရင်ခုန်ခြင်းက စိတ်ကစားခြင်းလား ... ?
မဟုတ်ပါဘူး ... သူများတွေအတွက်တော့ ဘယ်လိုမျိုးလဲ သေချာမသိပေမယ့် ကျွန်တော့်အတွက်ကတော့ လုံးဝစိတ်ကစားတာမျိုးမဟုတ်ခဲ့ပါဘူး။
အထက်တန်းနှစ်ရဲ့နောက်ဆုံးနှစ် ကျွန်တော့်အသက် (၁၈) မှာတွေ့ခဲ့တဲ့ ပထမဆုံးရင်ခုန်ခြင်းက စိတ်ကစားခြင်းလုံးဝမဟုတ်ခဲ့ဘူး။
//
"ကျောင်းအသစ်မှာအဆင်ပြေအောင်နေနော်"
ကားပေါ်ကဆင်းခါနီးပြောလာတဲ့ ဖေဖေ့စကားသံကို ခေါင်းငြိမ့်ပြလိုက်သည်။ လွယ်အိတ်ကိုကျောဘက်မှာသေချာလွယ်ပြီး ကျောင်းအပေါက်ဝဘေးမှာခြေစုံရပ်သည်။ ဖေဖေ့ကားကတော့ ခုနတည်းကထွက်သွားပြီဖြစ်သည်။
ကျောင်းသားအသစ်အနေနဲ့ ကျောင်းအသစ်မှာ ခေါ်မယ့်သူမရှိတာသိပ်တော့မဆန်းကျယ်ပါဘူး။
"အဲ့ဒီ့တော့ မင်းဘယ်လိုဖြေလိုက်လဲ"
"ဘယ်လိုဖြေရမလဲ။ ငါမှ သူ့ကိုစိတ်မဝင်စားတာ"
ခြေအစုံတို့ရပ်နေတုန်း နားထဲကိုဝင်လာတဲ့အသံတစ်ခု။ ပီပီသသကြားလိုက်ရတဲ့အသံက လူကိုပါမြင်ချင်မိတဲ့အထိ ဆွဲဆောင်မှုရှိလေသည်။
အသံလာရာကိုခေါင်းငဲ့ကြည့်ဖို့ပြင်တုန်း ဘေးနားကဖြတ်သွားတဲ့ကျောင်းသားတစ်သိုက်။ သုံး ၊ လေးယောက်လောက်အစုထဲမှာမှ ဘယ်သူပြောလိုက်မှန်းတော့မသိလိုက်။
သို့သော် ထင်းထွက်နေသောကျောင်းသားတစ်ဦးသာ သူ့အာရုံတွေကိုအကုန်ဖမ်းစားသွားသည်။
နက်မှောင်နေတဲ့ဆံသားနုနု အုပ်အုပ်လေးတို့က လေထဲမှာတစ်လွှင့်လွှင့်။ ကျောင်းအင်္ကျီပေါ်မှာထပ်ဝတ်ထားတဲ့အနက်ရောင်ဂျာကင်က ထိုကျောင်းသားရဲ့ရှိရင်းဆွဲအသားအရေကို ပိုတိုး၍ပင်ဖြူသွားစေသလို။
ဘေးတစ်စောင်းမြင်လိုက်ရတဲ့မျက်နှာဟာ အပြည့်မဟုတ်သော်ငြား ထင်းနေတဲ့မေးရိုးပိုင်ရှင်ကြောင့် သာမာန်ရုပ်ရည်မျိုးမဟုတ်တာကိုလည်း သိလိုက်ပါပြီ။ ပခုံးတစ်ဖက်မှာလွယ်ထားတဲ့လွယ်အိတ်ကြိုးကို အသာတင်ရင်း ဘေးကသူတွေနဲ့ တိုးတိုက်ကာ ရယ်မောရင်း ထွက်သွားသူ။