အချစ်ဦးတဲ့ ...
နာမည်လေးဖြစ်ဖြစ် အမှတ်တမဲ့ကြားလိုက်ရရင်တောင် ၊ အရိပ်ကလေးဖြစ်ဖြစ် မထင်မရှားတွေ့လိုက်ရရင်တောင် ပြုံးသွားစေနိုင်တာမျိုး ...
သူ့ဘဝရဲ့ပထမဆုံးအချစ်က Jay ဆိုတာကိုသိပြီးနောက်ပိုင်း သိသိသာသာကြီးစုံစမ်းတာမျိုးမဟုတ်တောင် Jay နာမည်က သူ့နားထဲကိုရောက်ရောက်လာတာမျိုး။
သူတို့ကျောင်းရဲ့အတော်ဆုံးကျောင်းသား ၊ အလိမ်မာဆုံးကျောင်းသား ၊ ဆရာ/ဆရာမတွေရဲ့ အားအကိုးရဆုံးစံပြတပည့် စသည်ဖြင့် နာမည်ကောင်းများစွာနဲ့ နေရာတိုင်းမှာ ကြားတတ်ရသည်။
အဲ့လိုထင်ရှားသလိုပဲ ... ကျောင်းသူတွေတင်မက ကျောင်းသားတွေကြားမှာပါ နာမည်ကြီးသည်။ သူတို့ကျောင်းရဲ့ ရွယ်တူတွေကြားမှာတင်မက စီနီယာတွေကြားမှာရော ၊ ဂျူနီယာလေးတွေကြားမှာပါ ပြောစမှတ်ပြုကြသည်။
Jay ရဲ့ပြည့်စုံမှုတွေကြောင့် ဆယ်ကျော်သက်အရွယ်လေးတွေရဲ့အိပ်မက်ထဲက မင်းသားလေးအဖြစ် လူတိုင်းရဲ့စိတ်ကူးယဉ်မှုက အလွန်တော့မဟုတ်ပါ။
ပေါ်ပေါ်တင်တင်ပဲ Jay ဆီချဉ်းကပ်ကြသလို ၊ လက်ဆောင်တွေပေါ်တင်ပေးကြသလို ၊ Jay ရဲ့အာရုံစူးစိုက်မှုရဖို့ သူတို့ကိုယ်သူတို့ထင်ရှားအောင်လုပ်တဲ့နည်းတွေကိုအသုံးပြုကြသည်။ သို့သော် သူပြန်ကြားရတဲ့သတင်းတိုင်းမှာ Jay က တစ်ဖက်သူအရှက်ရအောင်ငြင်းဆိုခြင်းတို့မပြုသော်လည်း ထိုအရာတွေကိုငြင်းပယ်ခဲ့တာချည်းသာ။
သူတို့ကျောင်းရဲ့အလှပဂေးပေါင်းများစွာကိုတောင် ငြင်းပယ်နိုင်တာ သူ့လိုအညတရလေးဆိုတာ Jay အမြင်ထဲကိုတိုးပေါက်နိုင်မည်တောင်မဟုတ်။ ဒီတော့ ပေါ်တင်ကြီးလူလုံးထွက်မပြပဲ တိတ်တဆိတ်နဲ့သာ အချစ်ဦးလေးကို ငေးရသည်။
"ဒီနေ့ Jay တို့အသင်းရဲ့ Final ပွဲရှိတယ်တဲ့"
"ဟင် ... အခုစနေကြပြီထင်တယ်"
ဘေးနားကကျောင်းသူတွေရဲ့ တီးတိုးစကားသံကြောင့် သူ့ဦးနှောက်တို့ကိုအပြေးအလွှားအလုပ်ပေးမိသည်။
ဟုတ်သားပဲ ... ဒီနေ့ Jay တို့ဘောလုံးအသင်းရဲ့ Final ပွဲ။ သူဘယ်လိုတောင်မေ့သွားရတာလဲ။