Old Flame

961 115 15
                                    

Old flames die hard!

အဲဒီစကားကို အကျင့်​ဟောင်းက ​ဖျောက်ရခက်တယ်တို့၊ ရည်းစားဦးက ​မေ့ရခက်တယ်တို့ဘာညာ ခက်ရာခက်ဆစ် ဘာသာပြန်​နေမယ့်အစား ရည်းစား​ဟောင်းဆိုတဲ့ ကျက်​သ​တုံးက ​သေကိုမ​သေနိုင်ဘူးလို့ ဒဲ့ဘာသာပြန်ချလိုက်ရင် ဘာဖြစ်မှာမို့လို့လဲ။ လူ​တွေများ ရှည်လိုက်ကြတာ..

အဲဒါကမှ အဓိပ္ပါယ်ကွက်တိ မဟုတ်ဘူးလား။ ကမ္ဘာ​ပေါ်မှာ ဘယ်ရည်းစား​ဟောင်းကများ ​​သောက်ချိုး​ပြေလို့လဲ။ သူ့ရည်းစား​ဟောင်းဆိုရင် ကျက်​သ​ရေကို ပက်​​ကေ့ချ်နဲ့တုံးရုံတင်မကဘူး၊ လာဘ်တိတ်တာ​​တောင် အဆစ်ပါ​လိုက်သေးတယ်။ သင်းနဲ့လမ်းခွဲပြီးကတည်းက ​ဆော့မက်သရူးတို့ အခုထိ ရည်းစားထပ်မရ​သေးတာကိုသာ ကြည့်​တော့။

"မက်သရူး​ရေ၊ မန်​နေဂျာချုပ် ​ခေါ်​နေတယ်။"

တံခါးဝက​နေ လှမ်း​​အော်လာတဲ့ သူနဲ့ရာထူးတူ လက်​ထောက်ဌာနမှူးချွဲရဲ့အသံ။ အသက်ရှည်ဦးမယ်။ သင်းအ​ကြောင်း​ တွေးမိလိုက်တာနဲ့ တန်း​​ပေါ်လာတာများ မာခ့်ဇူကာဘတ်ရဲ့ ​​ကြော်ညာAI​​တွေနဲ့ နင်လားငါလားပဲ။

ဒါ​ပေါ့။ မက်သရူးရဲ့ရည်းစား​ဟောင်းဆိုတာ အဲဒီဘဝင်ရူး မန်​နေဂျာချုပ်ပဲ​လေ။ ​ဆော့မက်သရူး​တို့ ကံဇာတာတက်လိုက်ပုံက ​ကျောင်းတုန်းက ရည်းစား​ဟောင်းကို အထက်လူကြီး ​တော်ထားရတာ။ နည်းတဲ့အကုသိုလ်လား။

တံခါးကို နှစ်​ချက်ဆင့်​ခေါက် အသိ​ပေးလိုက်ပြီး ရုံးခန်းထဲဝင်လိုက်​တော့ တန်းခနဲမြင်လိုက်ရတာက ​စာရွက်စာတမ်း​တွေကို အာရုံစိုက်နေတဲ့ ဆွဲကုတ်ချင်စရာ မျက်နှာကြီး။

အိုကြီးအိုမအရွယ် အဘိုးကြီးက ဇွတ်လှချင်​​တော့ မျက်နှာကြီးကို ဘယ်​လောက်​တောင် စကင်းကဲထားတယ် မသိဘူး။ ပျားရည်အ​လောင်းလွန်ထားတဲ့ ကြက်ဥပူတင်းကြီးလိုပဲ ဝင်း​ပြောင်နေ​တော့တာ။ ဒါကြီးကိုလည်း ရုံးကဟာ​တွေက ဘယ်နားကြည့်ပြီး ဇွတ်ကူးဂိုင်းနေကြတယ် မသိပါဘူး၊ စိတ်ညစ်လိုက်တာ။ ထီ​ပေါက်မှ တစ်ရုံးလုံးကို ပါဝါမျက်မှန် စပွန်ဆာ​ပေးပစ်လိုက်ဦးမယ်။

Old flames die hard!Where stories live. Discover now