အခန်း (၁၆)

845 30 0
                                    

Unicode

အိမ်သန့်ရှင်းလုပ်ရသည်မှာ ဘယ်လောက် ပင်ပန်းသည်ကို ယခုမှ ပိုင်ခန့် သေချာသိသည်။ အိမ်က ကြီးလေ သန့်ရှင်းရေးလုပ်ရသည်မှာ ပိုကြာပြီး လက်ဝင်လေ ဖြစ်သည်။ သေသပ်မှ စိတ်ကျေနပ်သော ပါပါးကြောင့်လည်း ပါသည်။ ယခုပိုင်ခန့်တို့ လေးယောက်လုံး အိမ်သန့်ရှင်းရေး အတူတူ လုပ်နေခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် နေ့တိုင်း သန့်ရှင်းရေး လုပ်သော်လည်း ယနေ့တော့ အိမ်ထဲရော အိမ်အပြင် ခြံထဲကိုပါ နှိုက်နှိုက်ချွတ်ချွတ် သေချာစွာ လုပ်နေကြသောကြောင့် နေ့လယ်ခင်း အချိန်မှသာ အားလုံး ပြီးစီးသွားသည်။

အလွန်ပင်ပန်းသော်လည်း သန့်ရှင်းတောက်ပြောင်သွားသော အိမ်ကို ကြည့်ရင်း ဝမ်းသာပီတိ ဖြစ်မိသည်။ ကြိုးစားပမ်းစား လုပ်ထားခဲ့ရသည့် အလုပ်၏ နောက်ဆုံးရလဒ်သည် ကောင်းမွန်နေသောကြောင့် ပင်ပန်းသော်လည်း စိတ်ကြည်နူးရသည်။

အမှန်တကယ် အိမ်သန့်ရှင်းရေး လုပ်ခြင်းဆိုသည်မှာ အလွန်ပင် လက်ဝင်ဝင်သော အလုပ်ဖြစ်သည်။ ဤသည်ကိုလည်း လုပ်ဖူးသူများသာ သိမည်။ လက်ဝင်သည်ဆိုသည်မှာလည်း အပေါ်ယံလောက်သာ မလုပ်ဘဲ သေချာစွာ သန့်ရှင်းရေးလုပ်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ခက်ခဲသော်လည်း နောက်ဆုံးတွင် ကောင်းမွန်သောရလဒ် ထွက်လာသည့်အတွက် လုပ်ရကျိုး နပ်သည်။

ရေမိုးချိုးပြီးနောက် နေ့လယ်စာကို ဆိုင်ကသာ မှာစားလိုက်ကြသည်။ ပိုင်ခန့်တို့ စားပြီးသည်ကိုပင် မစောင့်ဘဲ ဖေဖေမှာ အိပ်တော့မည်ဟုဆိုကာ ပါပါးကို အတင်းဆွဲခေါ်သွားပြီး အိပ်ခန်းထဲသို့ ဝင်သွားသည်။ ဖေဖေနှင့် ပါပါးမှာ အသက်လည်း ရလာပြီဖြစ်သည့်အတွက် ပိုင်ခန့်တို့ထက် ပို၍ ပင်ပန်းမည်ပင်။

ကိုကိုသည် ဖေဖေတို့ကို ကြည့်ရင်း သဘောတကျ ရယ်နေလေသည်။ ပိုင်ခန့်က 'ဘာရယ်တာလဲ' ဆိုသည့်အကြည့်ဖြင့် ကြည့်လိုက်တော့ ခေါင်းခါပြသည်။ ခဏကြာပြီးနောက် ပိုင်ခန့်တို့လည်း စားသောက်ပြီးသည့်အတွက် အိပ်ခန်းထဲသို့ သွားအိပ်ရန် တက်သွားလိုက်သည်။ တစ်အိမ်လုံးကို သန့်ရှင်းရေး လုပ်ရသောကြောင့် ပင်ပန်းသွားပြီ မဟုတ်ပါလား။ ယနေ့တော့ ဘယ်ကိုမှလည်း သွားချင်စိတ်မရှိသည့်အပြင် လည်ပတ်ရန်လည်း စိတ်မပါတော့သည့်အတွက် ယခုတော့ ကိုကိုနှင့် ဖက်အိပ်တော့မည်။

Definitely You Where stories live. Discover now