Ep 9 (U)

15.6K 2K 512
                                    

သက်လူ နှစ်ခြိုက်စွာအိပ်ပျော်နေရာမှ မျက်နှာပေါ်ကျရောက်လာသည့် အလင်းရောင်ကြောင့်ဖျတ်ခနဲနိုးလာခဲ့ရသည်။ မျက်လုံးများကို ကျင့်သားရအောင် စူးစိုက်ပြီးကြည့်လိုက်တော့ အပြင်ဘက်တွင် မနက်ခင်းအလင်းရောင်သဲ့သဲ့ကျရောက်နေပြီ။ ထိုအခါမှ သက်လူ ကိုယ်ရောက်နေသည့်နေရာနှင့် အဖြစ်ပျက်တို့ကို ပြန်အမှတ်ရသွားမိသည်။

ယမန်နေ့ညနေက သက်လူနှင့် ကိုရဲခေါင်တို့ ရေတံခွန်သို့ရောက်လာခဲ့ကြပြီး တောင်ကျချောင်းရေကြောင့် တစ်ဖက်ကမ်းပေါ်သို့ အသက်လုပြီးပြေးခဲ့ကြရသည်။ ထို့နောက် မိုးရွာခဲ့သည်။ တောင်ပေါ်ဒေသမို့ ဆောင်းဝင်ခါနီးအပြင် မိုးပါရွာနေသဖြင့် အအေးဓာတ်က ကျောကွဲလုမတတ်ပင်။

သက်လူနှင့် ကိုရဲခေါင်တို့ အနည်းငယ်မျှ ကတောက်ကဆဖြစ်ကြရပြီး အအေးဒဏ်ကို ကာကွယ်ရန်အတွက် နှစ်ယောက်သားကျောခြင်းကပ်၍ အိပ်ကြရန် သဘောတူညီခဲ့ကြသည်။ ထို့နောက် ဝါးကပ်ပေါ်တွင် ကျောခြင်းကပ်ကာ အိပ်ခဲ့ကြသည်။ အေးလွန်းသဖြင့် မေးရိုက်လုမတတ်ဖြစ်ကာ သက်လူမှာ အစပထမ၌ တော်တော်နှင့်ပင် အိပ်မပျော်နိုင်ခဲ့ပေ။

သို့သော် ယခုမူကား နွေးလွန်းလှသည်။

ပတ်ဝန်းကျင်က အေးစိမ့်နေပေမယ့် သက်လူတစ်ကိုယ်လုံးနွေးနေသည်။ နွေးနေရုံမျှမဟုတ် ပုခုံးနှင့်ရင်ဘတ်ပေါ်၌ရော ခြေထောက်များပေါ်၌ရော အနည်းငယ်လေးလံမှုကို ခံစားရသည်။ ထိုနောက်သက်လူ၏ ခေါင်းအောက်တွင် ဝါးကပ်အစား သန်မာကျစ်လစ်သောအရာတစ်ခု။

သက်လူ အာရုံတို့ကိုစုစည်းလျက် သတိထားလိုက်မိချိန်၌ အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးတို့ပင် ပြူးကျယ်သွားရသည်။

"ဟင်"

သက်လူခေါင်းအုံး၍ အိပ်နေမိသည်က ကိုရဲခေါင်၏လက်မောင်း။ ပုခုံးမှကျော်၍ ရင်ဘတ်ဆီသို့ ထွေးပွေ့ထားသည်က ကိုရဲခေါင်၏ နောက်လက်တစ်ဖက်။ သည့်အပြင် သက်လူ၏ခြေထောက်များပေါ်၌ လေးလံနေရသည်က ကိုရဲခေါင်၏ ခွတင်ထားသော ခြေထောက်တစ်ဖက်။ သက်လူ၏ ကျောပြင်တစ်ခုလုံးကလည်း နွေးထွေးသော ရင်ခွင်ဆီမှာ ကပ်နေခဲ့ရသည့်အဖြစ်။ ဒီနေအနေအထားဖြင့် တစ်ညလုံးနှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ရသည်တဲ့လား။ သက်လူ၏ စိတ်မလုံခြုံသော အတွေးများကြောင့် ထိုသို့ကောင်းကောင်း အိပ်မပျော်ခဲ့ရသည်မှာ နှစ်ချီ၍ပင်ကြာနေခဲ့ပြီ။ သက်လူ အမှန်ပင် အံ့ဩတုန်လှုပ်မိရပါ၏။

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျWhere stories live. Discover now