Ep 14 (U)

17.1K 2.1K 524
                                    

ရန်ကြီးအောင်၊ ကုန်းဘောင်ခ
ငါးမည်ရ ပြည်ရွှေဘို၊ ဘေးရန်ကပြို
မုဆိုးဘို ရန်ပြိုတဲ့ နာသိင်္ဃ(ရတနာ သိင်္ဃ)
ဘိုးတော်ဒေသ။

သက်လူတို့ ငယ်စဉ်ကတည်းက သင်ယူမှတ်သားခဲ့ရသည့် ရွှေဘိုမြို့၏အမည်နာမများဖြစ်သည်။ နာမည် ငါးမျိုးနှင့် ငါးမည်ရလေသော ရွှေဘိုမြို့။

ကုန်းဘောင်မင်းဆက်၏ ပထမဆုံး နန်းစိုက်ရာမြို့ဖြစ်သည့်အတွက် ရွှေဘိုသမိုင်းက ခမ်းနားသလိုမြို့သူမြို့သားများမှာလည်း ပို၍ရှေးဆန်ပြီး မြို့နှင့်အပြိုင် ခမ်းနားနေသယောင်ထင်မြင်ရစေသည်။

"လာ... ကိုသက်လူ... ယုန်ကလေးကိုပဲ သေချာယူခဲ့ပါ... ဒီအထုပ် ကျုပ်သယ်မယ်"

မန္တလေး မြစ်ကြီးနား မီးရထားက ရွှေဘိုဘူတာမှာ ဆိုက်ရောက်လေတော့ ကိုရဲခေါင်က ဝန်စည်စလယ်များကို ဆွဲယူလျက် သက်လူအား ရထားပေါ်မှ ဆင်းရန်ခေါ်သည်။

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ မြေတိုင်းအတတ်သင်ကျောင်း ရှိသည့်မြို့ဖြစ်၍ ရွှေဘိုဘူတာက တခြားဘူတာများထက် သာ၍လူစည်သေးသည်။

"ဟော... ဟိုမယ် ကျုပ်ယောက်ဖ ကိုတင်အေး လှည်းနဲ့ လာကြိုတယ်"

ကိုရဲခေါင် ညွှန်ပြရာသို့ကြည့်လိုက်တော့ ဖျင်ကြမ်းလုံချည်အကွက်ကျဲ ဖျင်ကြမ်းအင်္ကျီရင်ဘတ်ဟဗြဲနှင့် ခေါင်းတွင် ဖျင်တဘက်တစ်ထည်ခေါင်းပေါင်းထားသည့် အသားညိုညိုနှင့် လူတစ်ယောက်က လှမ်း၍ လက်ပြလာသည်။

"လာကြဟေ့... ကျုပ်ဖြင့် ကြိုရောက်နေရတယ် အမေနဲ့ မင့်အစ်မက လည်တစ်ဆန့်ဆန့်လုပ်လွန်းလို့"

"ကိုတင်အေး... ဒါ ကျုပ်ဧည့်သည် ကိုသက်လူတဲ့"

"အေး အေး ... မခေါ်စဖူး အခေါ်ထူးလို့ ရဲခေါင် ဧည့်သည်ခေါ်လာမယ် စာရကတည်းက တစ်အိမ်သားလုံး မျှော်နေကြတော့တာပဲ... မြို့ကတက္ကသိုလ် ကျောင်းသားတွေ ဘယ်လိုဘယ်ပုံဆိုတာ မြင်ချင်နေကြတာကလား"

ကိုတင်အေးက စကားတပြောပြောနှင့် သက်လူတို့၏ အထုပ်များကို နွားလှည်းပေါ်သို့ကောက်တင်နေသည်။ မြို့ဟု ကင်မွန်းတပ်ကြပေမယ့် လယ်ယာအလုပ်နှင့် အသက်မွေးကြသူများသဖြင့် နွားလှည်းများက ဥဒဟို သွားလာနေကြသည်ကို တွေ့ရသည်။

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျWhere stories live. Discover now