Ep 20 (U)

15.7K 2K 385
                                    

"ဘာကိစ္စများရှိလာသလဲ ကိုဘမြင့်"

ကိုဘမြင့်က ရဲခေါင်အား မျက်နှာပျက်စွာဖြင့်ကြည့်၍ တိုက်ပုံအင်္ကျီအိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပေးလာသည်။ ရဲခေါင်အလျှင်စလို ဆွဲယူ၍ဖတ်ကြည့်ပြီး အံကြိတ်ထားလိုက်မိ၏။

စာရွက်ပေါ်တွင် လက်နှိပ်စက်စာလုံးများနှင့် ရိုက်နှိပ်ထားသည်က...

"ယူနီဗာစီတီ လက်ရွေးစင် တင်းနစ်ချန်ပီယံ၏ လူမသိသူမသိ အပုန်းဇာတ်ရှုပ်"

ဟူသည့်ခေါင်းစဉ်ဖြင့် အင်းလျားကန်စောင်းတွင် တင်းနစ်ချန်ပီယံနှင့် အမျိုးသားတစ်ယောက်တို့ နမ်းနေကြသည့် အဖြစ်အပျက်တို့ကို ချိုးချိုးဖဲ့ဖဲ့ စီကာပတ်ကုံးရေးထား၏။ နာမည်တွေကိုဖော်ပြထားခြင်း မရှိသော်လည်း ယူနီဗာစီတီလက်ရွေးစင်အသင်း၏ တင်းနစ်ချန်ပီယံသည် ရဲခေါင်တစ်ယောက်သာရှိသည်။ စာရွက်ထဲတွင် ကိုသက်လူနာမည်မပါသဖြင့် ရဲခေါင် တစ်နည်းအားဖြင့်စိတ်အေးရသေးသည်။

"ဒီဟာ ဘယ်ကရလာသလဲ ကိုဘမြင့်... ကျောင်းသားရေးရာ ကြော်ငြာဘုတ်ကလား"

ရဲခေါင်မေးတော့ ကိုဘမြင့်က ခေါင်းခါသည်။ ထို့နောက် သက်ပြင်းချလိုက်ပြီး...

"ကိုသက်လူ လက်ထဲက ရလာတာပဲ"

"ဟင်... ကိုသက်လူ ဒါကိုတွေ့သွားသလား"

ကိုဘမြင့်က မျက်နှာပျက်စွာခေါင်းညိတ်၏။

"ဒီစာရွက်တွေ ကပ်ထားတာ တစ်နေရာတည်းမဟုတ်ဘူး ကိုရဲခေါင်... ကျောင်းအနှံ့မှာ ကပ်ထားတာထင်တာပဲ... အစကတော့ ကျုပ်တို့က ကိုရဲခေါင်ကို မလိုသူတွေက သက်သက်ချောက်ချတာလို့တွေးတာပါပဲ... ဒါပေမယ့် ကိုသက်လူက..."

ကိုဘမြင့်က စကားကိုရပ်ပြီး စိတ်မသက်သာဟန်နှင့် ရဲခေါင်အားကြည့်လာသည်။ ရဲခေါင်ရင်ထဲ၌ စတင်၍ ဗလောင်ဆူလာရပြီး ကိုဘမြင့်၏ လက်မောင်းအား ဆုပ်ကိုင်လိုက်ခါ...

"ကိုသက်လူက ... ကိုသက်လူက ဘာဖြစ်သလဲ ကိုဘမြင့်... ကျုပ်ကိုမြန်မြန်ပြောစမ်းပါ"

"ကိုသက်လူက အရူးတစ်ယောက်လို ကျောင်းဝန်းထဲမှာ ပြေးလွှားပြီး ဒီစာရွက်တွေကို လိုက်ခွါနေတာပဲ ကိုရဲခေါင်"

"စတီဗင်သက်လူ" ၏ ကာဖီရေတစ်ခွက်/"စတီဗငျသကျလူ" ၏ ကာဖီရတေစျခှကျWhere stories live. Discover now