4
၄၄ မျက်လုံး
ကား တစ်စီး ပါကင်ထိုးနေချိန်ကတည်းက အငယ်ဆုံး ဖြစ်တဲ့ ဗိုက်ပူ ကို အလှည့်ပေးလိုက်သည်...။
ဘောင်းဘီတို ညစ်ညစ်နဲ့ အကျီ ၤမပါတဲ့ ရှစ်နှစ် အရွယ် ကလေး က တစ်ကိုယ်လုံး ပေစုတ်နေသည်။
ဗိုက်ပူ လက်ထဲက ငါးဆယ်တန် အလိတ်ကို အကိုတော်တွေ သင်ပေးထားတဲ့အတိုင်း လက်ရှေ့မှာထုတ်ကိုင်သည်။
ကားပေါ်က ဆင်းလာတဲ့ ယောက်ျားကြီးကို စိတ်မဝင်စားပေမဲ့ ဘေးမှာ မက်အုပ်ထားတဲ့ မိန်းမကို သတိထားကြည့်ရင်း ခြေလှမ်း မြန်မြန်နဲ့ပဲ အနားကို ရောက်အောင် သွားရသည်။
"မမ..မမ...သား ဗိုက်ဆာလို့..ထမင်းဖိုးလေး...ဗိုက်ဆာလို့ပါ...မမ...ထမင်းဖိုးပေးပါနော်..."
ကိုဗစ် ဆိုတာ ဒီနိုင်ငံကို ရောက်လာပြီးကတည်းက ဗိုက်ပူတို့တွေ အကုန်လုံး လူမျက်နှာကို အကဲခပ် တဲ့ ပညာ က သုံးစား မရတော့လို့ မျက်လုံး အကဲခပ်ခြင်း ပညာကို တက်မြောက်ထားကြရတော့သည်။
မျက်လုံး ကို ကြည့်ပြီး ငိုချင်နေတဲ့ မျက်လုံးဖြစ်အောင် လုပ်ထားရင်း ပြောပေမဲ့ မကြားသလိုပဲ..။
အနောက် က တကောက်ကောက်လိုက်ပြီး ပြောတော့ ပိုက်ဆံအိတ်ကို ဖွင့်လိုက်ချိန် ဗိုက်ပူရဲ့ မျက်လုံး အကဲခပ်ပညာကို အကိုတွေ လက်ခံရတော့မည်။
"ဗိုက်ဆာတယ်ဆို...ဒီ အကြော်တွေ ယူသွားနော်...အန်တီ အကြော် ငါးရာဖိုး ပူတာလေး ရွေးပေးလိုက်ပါ.."
ဗိုက်ပူ ထင်သလို မဟုတ်ပဲ အကြော်ထုတ်ပဲ လက်ထဲ ရောက်လာတော့ ပေရပ်နေပေမဲ့ ဘေးက လူက ငေါက်လို့ ထွက်လာခဲ့ရတော့သည်။
အပင်အောက်မှာ ထိုင်နေတဲ့ အကိုတော်တွေက စပ်ဖြဲဖြဲ မျက်နှာတွေကို အကြော်နဲ့ ပစ်ပေါက်လိုက်သည်။
လိုချင်တာ ပိုက်ဆံကို ဘာလို့ မုန့်တွေ လာဝယ်ကျွေးမှန်း မသိဘူး မုန့်စားရလွန်းလို့ ဗိုက်ကားနေကြပြီ..။
သူတို့အကုန်လုံးလည်း မုန့်စားချင်ကြတာ မဟုတ်ဘူး ပိုက်ဆံပဲ လိုချင်ကြတာ မလား..။
ဗိုက်ပူ ပိုက်ဆံမရခဲ့လို့ ဒေါသထွက်ရင်း အကြော်တစ်ခုကို ဖနောင့်နဲ့ပါ ပေါက်ပစ်လိုက်သည်။
သူတို့ကိုဆို ပိုက်ဆံ တစ်ထောင် ပေးကြပေမဲ့ ဗိုက်ပူကိုဆို မုန့်ပဲ ဘာလို့ကျွေးတာလဲ မသိဘူး..။
ဗိုက်ပူ ခြေထောက် အနားမှာ ရှိနေတဲ့ အကြော် တစ်ခုကို ခွေးပိန်မကြီးက ချီပြေးပြန်သည်။
အပင်အောက်နားမှာ ခွေးလေး နှစ်ကောင်လည်း ရှိနေတော့ ဗိုက်ပူ ခြေထောက် အနားမှာ ကျန်နေသေးတဲ့ အကြော် တစ်ခုကို ပြန်ကောက်ပြီး သဲခါလိုက်ကာ ပစ်ပေါက် လိုက်သည်။
"ဟား..ဟား..ဗိုက်ပူ ဒီနေ့လည်း မင်း မုန့်တွေချည်းပဲ ရနေတာနော်...တစ်ပြားမှ မရသေးဘူး..ဟား..ဟား.."
"ရတယ်... ဒီနေ့ ငါ ရတဲ့ အကြော်ကို ခွေးမကြီးကို ပြန်ကျွေးလို့..ကုသိုလ်ရတယ်.."
"ဖနောင့်နဲ့ ပေါက်ပြီးသား အကြော်ကြီး..."
"မင်း ပါးစပ်ပိတ်ထား.."
ဗိုက်ပူ ဒေါသနဲ့အော်ရင်း ရန်စနေတဲ့ အကိုကိုတွန်းပစ်လိုက်တော့ သူ့ကို သူများ ဝယ်တိုက်ထားတဲ့ အချိုရည်ဘူးကို ဗိုက်ပူ ခေါင်းပေါ်ကို လောင်းချလိုက်သည်။
အချိုရည်တွေနဲ့ မျက်ရည်တွေရောပြီး အော်ငိုမိသည်။
ပိုက်ဆံလိုချင်တာ ဘာလို့ မုန့်ပဲ ကျွေးကြတာလဲ..။
ငါလည်း တနေ့ သူတို့လို မျက်လုံးကို ကြည့်ပြီး ပိုက်ဆံပေးမဲ့ လူလား မုန့်ဝယ်ကျွေးမဲ့ လူလား ဆိုတာ ခွဲတက်ရမယ်လို့ စိတ်ထဲမှာ အော်နေမိသည်။
YOU ARE READING
One Page
RandomOne Page ဖတ်ပေးဦးနော် တစ်ခုသော ခံစားချက်ဖြစ်ရင် ပျော်ပါပြီ။ စာတွေ ဖတ်ပေးတာ ကျေးဇူးအထူးတင်ပါတယ်နော်။ Love u All ❤ Spica Lin #စပိုက်ကာလင်း