EP-10

829 83 3
                                    

     

                                  *****

ခုတလော မင်ဂယူးက စာမေးပွဲနီးလို့ အတူစာလုပ်ချင်သည်ဟု အကြောင်းပြကာ မြောင်ဟို့အိမ်မှာ ညလာလာအိပ်နေသည်။ တစ်လျှောက်လုံး စာပုံမှန်လုပ်လာသည့် မြောင်ဟိုအတွက် ဖိအားသိပ်မရှိသော်လည်း အတန်းချိန်တိုင်း အာရုံပျံ့လွင့်နေတတ်သည့် မင်ဂယူးကတော့ မျက်ကလူးဆံပြာနှင့် မြောင်ဟို့ကို ဟိုဟာမေး ဒီဟာမေး လုပ်နေရသည်။

သူ့အိမ်ကို မင်ဂယူးရောက်လာတာ မကောင်းတာတော့မရှိပါ။အားကစားလုပ်သည်ဆိုပြီး မနက်တိုင်း ရပ်ကွက်ကို ပတ်ပြေးပြီးပြန်လာသူက လက်ထဲတွင် မနက်စာပါတစ်ခါတည်းပါလာသည်။ မြောင်ဟို အိပ်ရာထသည်နှင့် မနက်စာက စားပွဲပေါ်ရောက်နေပြီ။စာလုပ်ရင်လည်း အဆာပြေစားစရာမှန်သမျှ မင်ဂယူးကသာထလုပ်သည်။ မင်ဂယူးအမေကလည်း မြောင်ဟိုတို့စားဖို့ဆိုပြီး ဟင်းတွေပို့တတ်သေးသည်။

မင်ဂယူးက မြောင်ဟိုကိုသာ အကဲပိုနေတာ သူ့ဘာသာကျ အရမ်းအပျင်းကြီးသည်။အဝတ်တွေဝတ်ပြီးရင် အကုန်ပုံထားပြီး ပုံမှန်လည်း မလျှော်ပါ။မနေနိုင်တဲ့ မြောင်ဟိုကပဲ အကုန်ကောက်ပြီးအဝတ်လျှော်စက်ထဲ ထည့်ပေးရသည်။တစ်ခြားအချိန်‌တွေသာ တက်ကြွနေတာ စာလုပ်ချိန်ဆို “စာတွေများလိုက်တာ” “မလုပ်ချင်ဘူး” “နားမလည်ဘူး”နှင့် ညည်းတွားနေသည်မှာ မပြီးနိုင်တော့။ မင်ဂယူး နားမလည်သမျှကိုလည်း မြောင်ဟိုက ရှင်းပြရသေးသည်။

မြောင်ဟိုရှင်းပြသမျှ နားထောင်ပြီး နားလည်သွားလျှင်လည်း “မြောင်ဟိုရှိလို့တော်သေးတယ် မင်းမရှိရင် ငါတော့ ဘယ်လိုလုပ်ရတော့မလဲ”ဟုဆိုကာ ဆံပင်တွေပွလာသည်အထိ ခေါင်းကို လာပွတ်တတ်သေးသည်။ တကယ်ပါ အပိုတွေလုပ်နေတာ။

                                  *****

“အခုမှပြီးတာလား ဗိုက်ဆာနေပြီ တစ်ခုခုသွားစားရအောင်”

အဖြေလွှာထပ်ပြီး စာမေးပွဲခန်းထဲကထွက်လာတော့  အရင်ရက်တွေလို ရပ်စောင့်နေသည့်  မင်ဂယူးက တကယ်ကို တွန့်လိမ်နေပြီ။ မြောင်ဟိုက စာမေးပွဲဖြေလျှင် အချိန်ပြည့်မှ အတန်းထဲကထွက်လေ့ရှိတာမို့ အမြဲကြာတတ်သည်။ မင်ဂယူးကတော့ ထိုသို့ မဟုတ်။အမြဲအစောကြီး ထွက်ထွက်သွားသည်။ရတာအကုန်ဖြေပြီးပြီပဲ ခေါင်းထဲ ထပ်မရှိတော့တဲ့စာတွေ ထိုင်စဉ်းစားနေရတာ ငရဲခံနေရတာနဲ့တူတယ်ဟုလည်း ပြောတတ်သေးသည်။

All my attention is on you [ Complete ]Where stories live. Discover now