အလံနီ (၂)
နေခြည့်မှာ လိုတာထက်ပိုတဲ့ သံသယစိတ်တွေရှိပြီး လူတစ်ဖက်သားကို ထိန်းချုပ်နိုင်အောင် ကြိုးစားတတ်ပါတယ်။
*****
လူနှစ်ယောက် အတူပါဝင်နေတဲ့ ဆက်ဆံရေးတစ်ခုဖြစ်ဖို့ တည်ဆောက်ရတာတွေ အများကြီးရှိတယ်လို့ အမွန် ထင်တယ်။
အထူးသဖြင့် လူတိုင်းရဲ့ အချစ်ကို ရနိုင်တဲ့၊ ရထားတဲ့ နေခြည့်လိုလူနဲ့ သာမန်လူတွေထဲက လူတစ်ယောက် အမွန့်ကြားက ဆက်ဆံရေးဆိုရင် ထင်ထားတာထက် ပိုပြီး တည်ဆောက်ရတာ ခက်ခဲပါတယ်။
အကြောင်းပြချက်ကတော့ အမွန်ရော သူ့မှာပါ လွန်ကဲတဲ့ သဝန်တိုမှုမျိုး၊ သံသယစိတ်မျိုးရှိလို့ပါ။
အစပိုင်းတော့ သဝန်တိုစိတ်ဟာ လူနှစ်ယောက်ကြား အချစ်ပိုတိုးစေတဲ့ မီးပွားကလေးလို့ အမွန် လက်ခံထားပေမယ့် အမွန့်အတွက် အရေးပါတဲ့ လူအချို့ကို စွန့်ခွာလာရချိန်မှာတော့ ဒီသဝန်စိတ်ကို မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။
အမွန့်မှာ အရမ်းခင်ရတဲ့ အစ်ကိုတစ်ယောက်နဲ့ အမွန့်ကို အရမ်းချစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ဒါပေမယ့် အခုတော့ Blocked list ထဲက တစ်နေရာရာကို ရောက်နေလောက်ရောပေါ့။ ဘယ်သူ့ကြောင့်လဲဆိုရင် အပြစ်မတင်ချင်ပေမယ့် နေခြည့်ကြောင့်လို့ပဲ ဖြေရပါလိမ့်မယ်။
နေခြည့်လက်ထဲ အမွန့်ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တစ်ခုလုံး ရှိတာကိုး။ သူစိတ်ချမ်းသာရင် ပြီးရောဆိုပြီး ဘာမှမတွေးဘဲ ကိုယ့်အကောင့်ပေးထားလိုက်တဲ့ အမွန့်မှာလည်း အမှားမကင်းဘူး ထင်တယ်။
တစ်ညသား အဲဒီသူငယ်ချင်းနဲ့ အစ်ကိုက အမွန့်ကို အပြင်မှာတွေ့ပြီး တောင်းပန်တော့မှ သူတို့ဟာ နေခြည့်လက်ချက်နဲ့ Blocked list ထဲ ရောက်သွားတာကို သိလိုက်တာပါ။ ဘာကြောင့်လဲလို့ မေးတော့ "သူတို့က တစ်ခုခုဆို နင့်ကိုအမြဲ စကားလာပြောနေလို့" တဲ့။
မလုပ်သင့်ဘူးလို့ တွေးမိပေမယ့် စိတ်ချမ်းသာရင် ပြီးရောလို့ပဲ ဖြေသိမ့်လိုက်ပါတယ်။ နောက်တော့ နေခြည်ကလည်း သူ့အကောင့် အမွန့်ကိုပေးတယ်။ ဘုရားစူး၊ အမွန် တစ်လနေလို့ တစ်ခါတောင် ဝင်မကြည့်ဖြစ်ဘူး။
သူ့ကို ပရောပရီ လာလုပ်တဲ့စာတွေ တွေ့ရင်တော့ စိတ်ဆိုးမိတာပေါ့။ ဒါပေမယ့် သူက အထင်လွဲစရာကောင်းအောင် ပြန်ပြောထားတာမျိုး မရှိတဲ့အတွက် တစ်မီးတော့ ငြိမ်းရပါတယ်။ အဲ့အခါ အမွန်လည်း ထူးခြားပြီး ပြဿနာမရှာတော့ဘဲ အေးအေးဆေးဆေး သူ့အကောင့်ထဲက ထွက်လာခဲ့လိုက်တယ်။
တကယ်တော့ အမွန်လည်း အမွန့်မိတ်ဆွေတွေနဲ့ စည်းလွတ်ဘောင်လွတ် စကားမပြောဖူးပါဘူး။ အကုန်လုံးက ရိုးရိုးသားသား ခင်တာပါ။
နေခြည့်ကို သဝန်တိုပေမယ့် ယုံဖို့ကြိုးစားခဲ့တဲ့ အမွန့်လိုမျိုး နေခြည်လည်း ပြန်သဘောထားပေးနိုင်ခဲ့ရင် ကောင်းမယ်။
အခုတော့ အမွန့်မှာ အပေါင်းအသင်းဆိုလို့ လက်ချိုးရေတွက်လို့ ရနေပါပြီ။