Chapter - 2

296 26 4
                                    

Unicode

အပိုင်း ၂။ ကြီးမားလွန်းသောအပြောင်းအလဲ

ကျောင်းအုပ်က မစ္စစ်ရှောင်းအား အခြေအနေကို သေချာရှင်းပြပြီး စီစီတီဗီမှတ်တမ်းကိုပါ ပြလိုက်တာတောင် သူက ဝမ်ရိပေါ်ကို ကြည်ဖြူပုံမရပါချေ။

လီသိုက်ယွီဆိုသည့်အမျိုးသမီးက စီးပွားရေးလောကတွင် နာမည်ကြီးအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။ ယောက်ျားသားများနှင့်ပင် ပုခုံးချင်းယှဉ်နိုင်သည့် အရည်အချင်းရှိသောကြောင့် အထက်စီးဆန်သည့်စရိုက်ရှိနေခြင်းမှာ အတော်လေးကို သာမန်ဆန်သည့် ကိစ္စရပ်တစ်ခုဖြစ်သည်။

ကျောင်းအုပ်က သက်ပြင်းဖွဖွချသည်။ လူနာနှစ်ယောက်လုံး၏ ဒဏ်ရာက ပြင်းထန်တာခြင်းတူပေမယ့် ဝမ်ရိပေါ်က လှေကားပေါ်မှ ပြုတ်ကျသည့်အရှိန်ကြောင့် ခေါင်းပါကွဲသွား၍ ထိုကျောင်းသားက ပိုပြီးအထိနာသည်ဟုပင် ဆိုလို့ရသည်။

ဝမ်ရိပေါ်က ခန္ဓာနှင့် အသိစိတ်ကပ်လာသည်နှင့်အမျှ မျက်နှာထက်မှ နာကျင်မှုကို သိသိသာသာခံစားလာရသည်။ ထိုဝေဒနာကြောင့် မျက်ခုံးများကို ကျုံ့လိုက်မိသည့်အခါ သူ့ဘေးနားမှ လှုပ်လှုပ်ရှားရှားဖြစ်သွားသံတစ်ခုကို ကြားလိုက်ရပြီး မရင်းနှီးသည့် အမျိုးသမီးတစ်ဦး၏ အသံကိုပါ တစ်ဆက်တည်းကြားလိုက်ရသည်။

" သားလေး နိုးလာပြီလား။ အရမ်းနာနေလား "

ထိုအမျိုးသမီးက သူ့ကို ကြွေရုပ်လေးလို သဘောထားပြီး ဆက်ဆံနေပုံရသည်။ စကားသံသည်လည်း စိုးရိမ်ပူပန်မှုကြောင့် အတုန်တုန်၊ အယင်ယင်နှင့်။

ဝမ်ရိပေါ်က အခြေအနေကို နားမလည်နိုင်ဖြစ်နေသောကြောင့် ထိုအမျိုးသမီးကို ဘာမှခွန်းတုန့်မပြန်မိ။ သူ၏ ခေါင်းက လွန်စွာကို ဗလာကျင်းနေသည်။ သူ၏တွေးခေါ်နိုင်စွမ်းက ပျောက်ဆုံးနေသယောင်။ သူတကယ် ဤဖြစ်ရပ်ကို နားလည်နိုင်စွမ်းမရှိပေ။

သူ၏မိခင်က သူငယ်ရွယ်စဉ်မှာပင် ဆုံးပါးသွားခဲ့ပြီဖြစ်သည်။ ဒါကို အနှီသူစိမ်းအမျိုးသမီးက ဘာကြောင့်များ သူ့ကို သားအဖြစ် သုံးနှုန်းဆက်ဆံနေရပါသနည်း။

SwitchWhere stories live. Discover now