"ယွင်ဟန်နဲ့ မိန်လျန်တို့တွဲနေကြပြီတဲ့။ နင်ကြားပြီးပြီလား။"
အထက်တန်းကျောင်းသားများအကြားတွင် အချစ်ရေးသတင်းတစ်ခုက မီးတောက်တစ်ခုပမာ လျင်လျင်မြန်မြန်ပဲ ပြန့်နှံ့လို့သွားခဲ့သည်။
အများကမျှော်လင့်ထားကြပြီးသားဖြစ်သလို မိန်လျန်ကိုယ်တိုင်ကလည်း သူမကို ယွင်ဟန်ကဖွင့်ပြောထားကြောင်း လူတိုင်းစေ့ကိုလိုက်ပြောနေခဲ့တာကြောင့် အားလုံးကအထူးအဆန်းဖြစ်မနေကြတော့ချေ။ ထိုသတင်းသည် ကျောင်းသူကျောင်းသားများစွာ၏ အသည်းကို သေချာပေါက်ခွဲခဲ့သည်။
တချို့ကျောင်းသူလေးများက အသည်းကွဲ၍ငိုနေကြသလို တချို့ကတော့ မိန်လျန်ကိုမနာလိုမုန်းတီးသွားကြသည်။ တချို့ကျောင်းသားများသည်လည်း ယွင်ဟန်ကိုမကျေနပ်ကြပေ။ သို့သော် လူငယ်တို့သဘာဝအတိုင်း ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြကာ အသားကျသွားကြလေတော့သည်။
"ငါ မိန်လျန်နဲ့နေ့လည်စာသွားစားမလို့ မင်းလိုက်ခဲ့ချင်လား။"
"မင်းတို့နှစ်ယောက်ကြားအနှောင့်အယှက်မဖြစ်ချင်ပါဘူးကွာ။ သွားစမ်းပါ။"
"မင်းကအမြဲတမ်းအဲဒီလိုချည်းပဲ။ အေးတိအေးစက်နဲ့... ဟမ့်!"
ခြေကိုဆောင့်၍ စိတ်ဆိုးမာန်ဆိုးထွက်ခွာသွားသော ယွင်ဟန်၏ကျောပြင်ကို ရိချန်ငေးကြည့်နေမိသည်။ တမင်လုပ်ယူထားသော အပြုံးတို့လည်း ပျောက်ကွယ်လို့သွားသည်။ ငယ်စဉ်ကတည်းက သူ့ထက်ခေါင်းတစ်လုံးမျှပိုမြင့်သော ယွင်ဟန်ကို အမြဲမော့ကြည့်ခဲ့ရသည်။ ထိုသူကလည်း သူ့ကိုအမြဲတမ်းနွေးထွေးစွာပြန်လည်ကြည့်လာစမြဲ။ သို့သော် ယခုအချိန်မှာတော့ ထိုသူ၏နွေးထွေးသော မြတ်နိုးဖွယ်အကြည့်တို့သည် အခြားသူတစ်ယောက်အတွက် ဖြစ်သွားခဲ့ချေပြီ။
သက်ပြင်းမောကိုချရင်း ကောင်းကင်ပြာကြီးကိုသာ သူမော့ကြည့်လိုက်မိသည်။ ချစ်သူနှစ်ဦးအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ပေးနိုင်ဖို့ သူ့ကိုယ်သူအမျိုးမျိုးဖြေသိမ့်နေရင်း တိတ်တဆိတ်နာကျင်နေခဲ့သည်။
ESTÁS LEYENDO
White Butterfly & Neyomay's short stories collection
Historia CortaShort Stories Collaboration with Neyomay