Zawgyi
"ရှင့်သားကိုပြန်ခေါ်ဖို့ စိတ်ကူးမရှိတော့ဘူးလား အဲ့ယောင်္ကျားချင်းကြိုက်တဲ့ကိစ္စကို ဒီအတိုင်းထားလိုက်တော့မလို့လား ရှင်က၊ ပတ်ဝန်းကျင်မှာ ဘယ်လောက်မျက်နှာပျက်နေရပြီထင်လဲ၊ နေတာက နှစ်လမ်းကျော် တစ်ရပ်ကွက်လေးထဲတင် သူဘာလုပ်လုပ် ကျွန်မနားထဲအကုန်ရောက်နေတာ သူငယ်ချင်းတွေကြားမှာတောင် မျက်နှာပြစရာမရှိတော့ဘူး ပြန်ခေါ်ရင်လည်းခေါ်တော့ ပစ်ထားတာလည်းကြာလှပြီမလား တော်သင့်ပြီလေ လွန်လွန်းတယ်"
"ငါကဘာကိစ္စပြန်ခေါ်ရမှာလဲ ဆင်းတုန်းက သူ့ခြေထောက်နဲ့သူ ဆင်းသွားတာ၊ တက်ချင်သူ့ဟာသူပြန်တက်လာလိမ့်မယ်"
"ရှင်ကဘာမဟုတ်တဲ့ ကိစ္စနဲ့ဆူလို့ သူဆင်းသွားရတာလေ၊ ရှင်သာပြန်ခေါ်ရင် သူသေချာပေါက်ပြန်လာမှာပဲ ကိုယ့်သားကိုယ်ပြန်ခေါ်လိုက်စမ်းပါ၊ ဟိုကောင်ဆီမှာ နေနေတာကလည်း သူနေစရာမရှိလို့ပဲဖြစ်မှာ"
ဝမ်ကျန်းက ဖတ်လက်စစာအုပ်ကို စားပွဲပေါ် ဆောင့်ချလိုက်ပြီး သူ့မိန်းမဘက်လှည့်ကာ..
"ဆေးချတာ ဘာမဟုတ်တဲ့ကိစ္စလား၊ မင်းသားကပျက်စီးနေတာ၊ အတန်းပညာလည်းကောင်းကောင်းမသင်၊ အသက်မွေးဝမ်းကျောင်းပညာလည်း ကောင်းကောင်းမသင်၊ ယောင်္ကျားလေးတစ်ယောက်ကိုတောင် ရည်းစားလုပ်ပြီး သူများအိမ်မှာကပ်နေလိုက်သေးတယ်၊ ပြဿနာကလွဲပြီး ဘာမှမလုပ်တတ်တဲ့ကောင်ကို ငါကဆူတာ ငါမှားလား၊ အဲ့လောက်ထိ သူငယ်ချင်းကြားမှာ မျက်နှာမပြရဲဖြစ်နေရင် မင်းအိမ်ပြောင်းလိုက်၊ အဲ့ကောင်ကို ပြန်ခေါ်ဖို့ ငါ့ကိုလာမပြောနဲ့ သူ့အသိစိတ်နဲ့သူ ကောင်းကောင်းမွန်မွန် ပြန်တက်လာမှ ငါလက်ခံမယ်"
"ရှင်ကတကယ်ကို ခေါင်းကြောမာတဲ့ အဖိုးကြီး! ရှင့်သားဘဝကို ရှင်ဖျက်နေတာ"
ဖေးရွှီက စိတ်တွေဆိုးပြီး ပွစိပွစိပြောကာ အပေါ်တက်သွားသည်။ သူ့ယောင်္ကျားကို သူပြောကြည့်လို့မရရင် သူကိုယ်တိုင်လုပ်ရမှာပဲ။
သားက ဘယ်လောက်ပဲ ဆိုးတယ်ပြောပြော သူမကိုယ်တိုင်မွေးထားတာပဲလေ။ လမ်းမှားရောက်နေတာမို့ လမ်းမှန်ပြန်တည့်ပေးရမှာပဲ။