__________________________________________
အပိုင်း(၁၂)(ငါက နေသိပ်ကောင်းတာ မဟုတ်ဘူး၊ငါ့အားတွေကို မဖြုန်းစမ်းနဲ့)
__________________________________________
လေတစ်ချက် ဝေ့တိုက်လိုက်သည်ကြောင့် ဖျားချင်နေသည့် ခန္ဓာကိုယ်သည် ယိုင်နဲ့သွားရလေသည်။ညက ရေအကြာကြီး ချိုးမိထားသောကြောင့် လူက အခြေအနေ မဟန်ပေ။ဒီနေ့မှ ရပ်ကွက်ထဲရှိ ဆေးဆိုင်သည် ပို၍ ဝေးနေသယောင်။"မှိုင်း... နေမကောင်းဘူးလား"
နောက်ကျောဆီမှ အသံချိုချိုလေးကြောင့် မှိုင်းညို့ လှည့်၍ ကြည့်လိုက်လေသည်။
"နွယ်... "
သူ အံ့အားသင့်သွားရလေသည်။
သမုဒယနွယ်သည် သူ့အား နှုတ်ဆက်ရကောင်းမှန်း သိသေးသည်ပေါ့လေ။အရင်နေ့တွေကဖြင့် ခန့်ထည်ဝါဂုဏ်၏ လက်ကိုဆွဲကာ သူ့အား မသိချင်ယောင်ဆောင်နေသေးလေ၏။
"ဆေးခန်းသွားမလား၊လိုက်ပို့မယ်လေ"
"ရတယ်၊ငါ ဆေးဆိုင်သွားမှာ"
"အဲဒါဆိုလည်း လိုက်ခဲ့မယ်"
သူမသည် ဇွဲမလျှော့ပေ။
သူ ခွန်းတုံ့ မပြန်သည့်အခါ သမုဒယနွယ်သည် သူ့လက်မောင်းအား ချိတ်ကာ သူ့ နောက်လိုက်လေတော့၏။သူ ရုန်းပစ်ချင်သော်လည်း သူမသည် အရင်က ရည်းစားဟောင်းဆိုသည်ထက် သူငယ်ချင်းကောင်းလည်း ဖြစ်ခဲ့ဖူးသည် မဟုတ်လား။
သူ တကယ်တော့ သူမအား မေးပစ်ချင်လေသည်။ဘာလို့များ အဆက်အသွယ် ဖြတ်သွားရတာလဲဆိုသည့် မေးခွန်း။
"မေးချင်နေတယ် မဟုတ်လား၊ငါ ဘာလို့ ပစ်သွားလဲဆိုတာ"
"မေးလည်း မထူးတော့ဘူးလေ"
သူ အေးတိအေးစက်ဖြင့် ပြန်ပြောလေ၏။
တကယ်လည်း မထူးတော့ပေ။သူ့တွင်
ခန့်ထည်ဝါဂုဏ် ရှိနေပြီ ဖြစ်၏။ကျွီ!
သူတို့ နှစ်ယောက်ဘေးသို့ ကားတစ်စီး ထိုးရပ်လာလေ၏။ခန့်ထည်ဝါဂုဏ် စီးနေကျ ကား အနက်ရောင်လေးပင်။
ခန့်ထည်ဝါဂုဏ်သည် ကားထဲမှ အလျင်အမြန် ဆင်းလာပြီးနောက် မှိုင်းညို့တျာချီ၏ နှုတ်ခမ်းအား ဖိကပ်၍ နမ်းပစ်လိုက်လေသည်။ထိုအခါမှသာ သမုဒယနွယ်သည် တွယ်ချိတ်ထားသည့် မှိုင်းညို့၏ လက်မောင်းအား လွှတ်ပေးလေတော့သည်။