မီး တစ်ယောက်တည်း ပန်းကန်တွေ ဆေးကြောနေရသည်မို့ မှိုင်းညို့ မနေတတ်စွာ ကူဆေးပေးဖို့ ပြင်လေသည်။
ထို့ပြင် သူမ မူးနေသည်ဟုလည်း သူ ထင်သောကြောင့်ပင်။မဟုတ်လျှင် သူ့ ဝယ်ထားသည့် ပန်းကန်များ ကုန်နိုင်ဖွယ်ရာ ရှိလေသည်။
"အစ်ကို... စိတ်ထဲ အဆင်မပြေတာမျိုးတွေ ရှိရင် ညီမကို ပြောနော်"
သူမ ပုံစံကို ကြည့်ရသည်မှာ အရင်က ကိစ္စတွေကြောင့် အားနာနေသေးဟန်ပင်။
"အတိတ်က အတိတ်ပါပဲ၊ငါးနှစ်တောင် ရှိနေပြီကို၊အစ်ကိုတို့ ပြန်တူးဆွဖို့လောက်ထိ တန်မနေဘူး"
သူ ပြောတော့ သူမသည် ခေါင်းညိတ်လေသည်။
"ဒီညတော့ ဒီမှာပဲ နားချင် နားလေ၊ငှားထားတဲ့ တိုက်ခန်းကို မပြန်နဲ့တော့၊ညဥ့်နက်နေပြီ"
မှိုင်းညို့သည် အမှန်တကယ် စိတ်ပူ၍ ပြောလိုက်ခြင်းပင်။
ဒီမြို့သည် မထင်ထားရလောက်အောင် လူဆိုး၊လူမိုက်တွေ ပေါများလာလေသည်။တစ်ချို့လမ်းတွေမှာ bar တွေ၊club တွေကို စည်ကားသိုက်မြိုက်စွာ ဖွင့်လာကြလေသည်။
ရထားလမ်းပဲ ရှိပြီး၊ကားလမ်း မရှိတဲ့ ဒီမြို့ကို အုပ်စိုးချင်သူတွေကလည်း အများသား။
"ဒီမြို့က မလုံခြုံတော့ဘူး အစ်ကို"
မီးသည် သူ့ကို ကြည့်ကာ မျက်နှာငယ်နှင့် ဆို၏။သူမ ပုံစံကို ကြည့်ရသည့်မှာ တစ်စုံတစ်ခုကို ကြောက်နေသည့်နှယ်။
"မင်း ဘာတွေ ကြောက်နေတာလဲ ၊ငါ့ကို ပြော"
"အကြင်နာက ထောင်က ပြန်လွတ်လာနိုင်ချေ ရှိတယ်၊ညီမကို သူ ပြန်လာရှာလောက်တယ်၊ပြီးတော့... အစ်ကိုတို့ နှစ်ယောက်ကိုလည်း လွှတ်ထားမယ် မထင်ဘူး"
မှိုင်းညို့သည် ဘေစင်ကို ကျောမှီလိုက်ပြီး မျက်လုံးများကို မှေးစင်းထားကာ အကြံတစ်ချို့ကို ထုတ်ယူလိုက်လေသည်။သူ့ ဦးနှောက်ကို အလုပ်မပေးဖြစ်သည်မှာ ကြာပြီမို့ အတော်လေး ကိုယ့်ကိုယ်ကို ပြန်ရှာဖွေနေရလေသည်။
တစ်ခဏမျှ ကြာပြီးသည့်နောက် သူ ထိန်းထားချင်သည့် အရာမှန်သမျှကို ထိန်းထားနိုင်မည့် အကွက်ကို ရရှိသွားလေသည်။