လေထဲမှ တဝီဝီ မြည်သံများ ပိုပြင်းသထက် ပြင်းလာသည် ။ အသံလာရာ အရပ်က သူတို့ခေါင်းထက်ဆီမှ ။
မှောင်ပိန်းနေသည့်နေရာ၌ ဓာတ်မီးရောင်တစ်ချက် လင်းလက်သွားသည် ။
သူတို့ခေါင်းအထက် လေထုထဲတွင် တစ်ကိုယ်လုံးနက်မှောင်ပြီး လက်သည်းခွံအရွယ်မျှရှိသော အင်းဆက်တစ်အုပ် ဝဲပျံနေသည်ကို ထိုမီးအလင်းရောင်ဖြင့် မြင်လိုက်ကြရသည် ။
" ဓာတ်မီးပိတ်လိုက်! "
ကုကျန်းအော်ပြောပြီးသည်နှင့် တပြိုင်နက် ထိုအင်းဆက်အုပ်က ဓာတ်မီးရောင်ရှိရာသို့ တဟုန်ထိုး ပျံသန်းကာ တိုက်ခိုက်ကြတော့သည် ။
" အား အား ငါ့ကို ကယ် .. ကယ်ကြပါဦး!! "
ထိုလူ့ကိုယ်ပေါ် အင်းဆက်တစ်အုပ် ဖုံးလွှမ်းသွားပြီး မျက်စိတမှိတ်အတွင်းမှာတင် အသားများ ပျောက်ဆုံးကာ အရိုးများနှင့် နှလုံးတစ်ခုသာ ကျန်ရစ်ခဲ့တော့သည် ။ ထို့နောက် မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားလေသည် ။ အင်းဆက်အုပ်က ပွဲတော်တွေ့သလို ထိုလူ့ပတ်ပတ်လည်မှာ တဝီဝီမြည်ကာ ပျံသန်းရင်း ဝိုင်းအုံကိုက်ဖဲ့ကြသည် ။ တခြားလူများလည်း ထိုအခွင့်အရေးကို အရယူကာ လျင်မြန်စွာဖြင့် လူစုပြီး သတိအပြည့် ရပ်နေလိုက်ကြသည် ။
အားရပါးရ ပွဲတော်တည်ပြီးသည့် အင်းဆက်အုပ်က ဟိုဒီပြန့်ကျဲပြီးနောက် ဂူအမိုးပေါ်တွင် ပြန်လည်စုစည်းသွားပြန်သည် ။ မြေပြင်တွင် ကျကျန်ရစ်သော ဓာတ်မီးက အရိုးကျနေပြီဖြစ်သည့် ပိုင်ရှင်၏မျက်နှာပေါ် ထွန်းလင်းနေလျက် ။
ကျိုးရန် နှလုံးရပ်တော့မလို ခံစားရသည် ။ ဘာတွေလဲ သူ ဒီမစ်ရှင်ကို ရပ်လိုက်ချင်ပြီ ။
System [မစ်ရှင်ကို စလက်ခံလိုက်တာနဲ့ အတည်ဖြစ်ပြီ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်သေမှသာ ရပ်ခွင့်ရှိတာပါ ]
ကျိုးရန် ကျောက်နံရံထဲ မြုပ်ဝင်မတတ် မှီချကာ ဂူအမိုးထက်မှ အင်းဆက်တစ်အုပ်နှင့် သူ့အရှေ့ရပ်နေသည့် ကုကျန်းကို ကြည့်လိုက်သည် ။
သူက အခုလေးတင် ဟိုလူကို သတ်လိုက်တဲ့သူပဲ !
တခြားလူများလည်း ကျိုးရန်နည်းတူ မတ်တတ်ရပ်နေကြဆဲ ။ အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာ ။ လတ်တလောတော့ အင်းဆက်အုပ်စုက မည်သူ့ကိုမျှ မတိုက်ခိုက်သေး ။
YOU ARE READING
အိပ်မက်မက်မနေနဲ့ ! နိုးထတော့
Science Fictionoriginal author : original title: Wake up!Stop dreaming ( Quick transmigration) total chapter: 200