Part-11 (U+Z)

274 18 2
                                    

Unicode

မည်သို့ပင် အတိတ်ဟုဆိုစေကာမူ လက်ရှိပစ္စုပ္ပန်အထိ အကျိုးသက်ရောက်နေဆဲဖြစ်သော အတိတ်များက တိုးတက်ဟိန်းကို အိပ်ရေးပျက်ညတစ်ည ဖန်တီးပေးခဲ့ပြန်သည်။ မလိုအပ်ပဲ ခေါင်းထဲကြီးစိုးနေတဲ့ အတွေးများကြောင့် မနက်မိုးလင်းခါနီးမှ အိပ်ပျော်ခဲ့သည်ဖြစ်ရာ မနက်နေထွက်သည်နှင့်တစ်ပြိုင်နက် အမေ့ကိုဆိုင်တွင်ကူရန်နှင့် ဆရာရဲပြည့်တို့ ဘော်ဒါဆောင်ကိစ္စအချို့ကိုကူညီရန် တိုးတက်ဟိန်းအိပ်ရေးမဝတဝဖြင့် နိုးထခဲ့ရသည်။

မနက် (၁၀)နာရီခွဲလောက်ထိ အမေ့ရဲ့ဆိုင်ကလေးတွင် ကူလုပ်ပေးပြီးနောက် ဆရာရဲပြည့်၏ ဘော်ဒါဆောင်ဘက်ကူးကာ အလုပ်ကူရသည်။ ဘော်ဒါဆောင်ကျောင်းသားများ ရေသုံးရပိုမိုလွယ်ကူစေရန် ဆရာရဲကရေချိုးဆောင်ထပ်ချဲ့သည့်နေရာတွင် တိုးတက်ဟိန်း နိုင်သမျှဝိုင်းကူသည်မှာ နေ့လယ် (၃)နာရီလောက်ထိပင်ဖြစ်သည်။ ဆရာရဲက ထမင်းလည်း ကျွေးသည်မို့ တိုးတက်ဟိန်းလည်းထို၌သာစားခဲ့လိုက်ပြီး အိမ်သို့ပြန်လာသည်။ အိမ်သို့ရောက်တော့ ရေမိုးချိုးအဝတ်အစားလဲပြီး နာရီကြည့်မိတော့ အချိန်က ညနေ (၄)နာရီ။

ခေါင်းထဲအပြည့် ကြီးစိုးထားသော အတွေးများမှ နှုတ်ထွက်ရန် တိုးတက်ဟိန်းအကြံတစ်ခု ရသည်ကား 'ဝါဆို'ဟူသော လူသားလေးနှင့် တွေ့ရန်ပင်။

ဝါဆိုသည် တိုးတက်ဟိန်းအတွက်တော့ တောအုပ်ထဲလမ်းပျောက်နေစဉ်တွင် ခိုနားရန်ရှာဖွေတွေ့ရှိခဲ့သော အိမ်လေးတစ်လုံးနှယ်။

ဝါဆို့ကို သွားတွေ့မည်ဟု အကြံရရချင်းပင် တိုးတက်ဟိန်း စက်ဘီးတစ်စီးနှင့် ဝါဆို့အိမ်ရှိရာလမ်းထဲသို့ ထွက်လာခဲ့သည်။ မကြာမီ ရှေ့နေဝန်းဘေးလမ်းသို့ရောက်လာခဲ့ရာ ဝါဆို့အိမ်ကိုလည်းမသိသည်နှင့် ထိုနေရာ၌သာ ဝေ့လည်ဝေ့လည်နှင့် ရပ်စောင့်နေရသည်။ ကံကောင်းစွာနှင့်ပဲ မကြာမီတွင် ဝန်းထဲကအိမ်တစ်အိမ်မှထွက်လာသော ရှိုင်းခန့်ဝါဆိုကိုတွေ့လိုက်ရသည်။

"ဝါဆိုရေ"

တိုးတက်ဟိန်းအသံကျယ်ကျယ်နှင့် လှမ်းအော်လိုက်ရာ ဝါဆိုက မဆိုင်းမတွဘဲ တိုးတက်ဟိန်းထံသို့ ရောက်လာခဲ့သည်။

Wazo (ဝါဆို)Where stories live. Discover now