Part-3 (Unicode)

715 44 19
                                    

"အမေ သား အိမ်ပြန်ရောက်ပြီနော်"

အိမ်ပြန်ရောက်ရောက်ချင်း တိုးတက်ဟိန်းတစ်ယောက် အမေ့ကိုအသံပေးလိုက်သည်။ ခြံထဲတွင်တော့ ဘာဘီရုပ်လေးများဖြင့်ဆော့နေသော တိုးတက်ဟိန်း၏ ညီမလေး သွန်းငယ်ဟိန်းအားတွေ့ရသည်။

"အေး အေး သား မိုးစိုလာရင် အင်္ကျီတွေသေချာလဲဦး"

မီးဖိုခန်းထဲမှ ကြက်သွန်ဆီသက်နေသော တိုးတက်ဟိန်း ၏ အမေ ဒေါ်သင်းနွယ်က လှမ်းအော်၏။

အမေပြောသည့်အတိုင်း တိုးတက်ဟိန်းလည်း ကျောင်းဝတ်စုံရှပ်အဖြူကို အင်္ကျီချိတ်တဲ့ချိတ်လေးတွင်ချိတ်ပြီး ပုဆိုးအစိမ်းကိုတော့ ပုဆိုးလှမ်းတဲ့အဝတ်တန်းလေးတွင်လှန်းလိုက်၏။ ထို့နောက် အဝတ်ဗီဒိုထဲမှ အိမ်နေရင်းဝတ် အင်္ကျီနှင့်ဘောင်းဘီလေးကိုထုတ်ဝတ်လိုက်သည်။

ထို့နောက် မီးဖိုချောင်သို့သွား၍...

"အမေ ထားခဲ့တော့ ကျွန်တော် ဆက်ကြည့်ထားလိုက်မယ်"

အမေ့ဆီက ဟင်းအိုးကို ဆက်ကြည့်ထားရန်ခွင့်တောင်းတော့....

"နေပါ သားရယ် အမေ့ဟာအမေ လုပ်ပါမယ်။ ဆီသက်တာကလည်း ပြီးနေပြီ ပုလင်းထဲထည့်ဖို့ပဲကျန်တော့တယ် ရှေ့မှာ မင်းညီမလေးတစ်ယောက်တည်း ။ ညီမလေးကို သွားကြည့်ထားဦး"

အမေ့ရဲ့စေခိုင်းမှုနှင့် တိုးတက်ဟိန်းတစ်ယောက် ခြံထဲကညီမလေးထံ​ရောက်သွားတော့သည်။ ညီမလေးသည် ယခု ၃တန်းတက်နေသော ကျောင်းသူလေးဖြစ်သည်။ တုတ်တုတ်လုံးလုံးလေးနှင့်ချစ်စရာကောင်းသည် ။ အမေက ကျောင်းသူအရွယ်တွင် ဆံပင်အရှည်မထားစေချင်သောကြောင့် ဆံပင်အကုတ်လေးသာညှပ်ထားရ၏။

တိုးတက်ဟိန်းတို့အိမ်သည် ပေ ၄၀×၁၀၀ သစ်သားအိမ်လေးဖြစ်သည်။ ခြံအရှေ့တွင် သစ်သားစားပွဲလေးတစ်ခုရှိသည်။ ထိုစားပွဲ၌ တိုးတက်ဟိန်း၏ အမေသည် မနက်တွင် မုန့်ဟင်းခါးရောင်း၍ နေ့လယ်ပိုင်းတွင် လက်ဖက်သုပ် ၊ ထမင်းသုပ် ၊ ကျောက်ပွင့်သုပ်စသဖြင့်အသုပ်လေးများရောင်းသည်။ တိုးတက်ဟိန်းတို့ အိမ်ရှေ့တွေ ဘော်ဒါဆောင်တစ်ခုရှိသောကြောင့် ထိုဘော်ဒါမှ ကျောင်းသားများက အမေ့လက်ရာကို ဒိုင်ခံအားပေးကြသည်။

Wazo (ဝါဆို)Donde viven las historias. Descúbrelo ahora