ဘီစီ၂၂၁ ၊ တောင် နဲ့ မြောက် နှစ်နိုင်ငံကြား ဆက်သွယ်ထားသည့် ချွင်းဟွာ အမည်ရှိ ပင်လယ်ကြီးကြောင့် အနီးနားရှိ နိုင်ငံများမှာ စည်ပင်ဝပြော၍ စီးပွားရေး အလွန်ဖြစ်ထွန်းလွန်းသည့်အချိန် ဖြစ်လေသည်။ မိတ်ဖက်နိုင်ငံများဖြစ်ကြသည့် ယင် နိုင်ငံ နဲ့ ယန် နိုင်ငံမှာလည်း ရှေးရာစုနစ်များစွာကတည်းက ဘုရင်အဆက်ဆက် ပေါင်းစည်း ဆက်သွယ်ခဲ့ကြသည့် ဆက်ဆံရေးဟာ ကြားလူမဝင်နိုင်အောင်ထိ ခိုင်ခိုင်မာမာ ရှိခဲ့သည်မှာ ယနေ့ထိတိုင်ပင်။
သို့သော် စစ်မက်အင်းအား ကြီးမားတဲ့ ယန် နိုင်ငံကို ဘယ်သူမှ မထိရဲကြပေမဲ့ အေးချမ်းတဲ့ ယင်နိုင်ငံကို ထိပါးအုပ်စိုးချင်သည့် နိုင်ငံတွေမှာ အများအပြားရှိသည်။
ယင်နိုင်ငံသို့ နယ်မြေကျူးကျော်ချင်လာတဲ့ နိုင်ငံများကို စစ်မက်အင်းအားမကြီးမားသော်လည်း စစ်ဗျုဟာကောင်းလွန်းတဲ့ ယင်ဘုရင်က ဘယ်သူ့အကူအညီမှ မယူပဲ သူကိုယ်တိုင်ဦးဆောင်ပြီးသာ တိုက်ပွဲ ဝင်ခဲ့သည်။
﹌﹏﹌﹏﹉﹏﹌﹏﹌﹏﹌﹏﹌﹏﹌﹏
ချွင်းဟွာပင်လယ် နှင့် ယင်နိုင်ငံ နယ်စပ်ကြား ထန်းစူကျွန်း....
"အရှင်...ကျွန်တော်မျိုးတို့ တိုက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ"
မာကြောသည့်အသွင် ၊ အင်အားကြီးတဲ့ အရှိန်အဝါ တစ်ခု။ ထိုသူက အနီရောင်ပိုးသားထက်က သံချပ်ကာ စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့အရှေ့မှာ ရပ်နေသည့်လူကို ဦးညွှတ်၍ လျှောက်တင်လာသော အသံမှာ တဲအိမ်လေးထဲတွင် ဟိန်းကနဲထွက်ပေါ်လာလျက်။
"ချန်းလိ...ကိုယ်တော်တို့ ဒီစစ်ပွဲကို အနိုင်တိုက်မယ်။ "
"စိတ်ချပါ...အရှင်"
ခေါင်းညိမ့်ပြသည့်သူရဲ့ မျက်နှာဟာ အလွန်ပင် တည်ကြည်ခန့်ညားသည့် အသွင်ဆောင်နေလျက်။ စစ်ဝတ်တန်ဆာအပြည့်ဝတ်ဆင်ထားသည့် ယင်နိုင်ငံရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ ဘုရင် ဝေ့ထုံး မင်းကြီး။
သူကိုယ်တိုင်ဦးဆောင်ပြီး စစ်သူကြီး ချန်းလိ ၊ ဘယ်လက်ရုံး လန်စု ၊ ညာလက်ရုံး မင်ကျား တို့နဲ့အတူ ဒီဗျူဟာကိုရက်ပိုင်းအတွင်း ရေးဆွဲခဲ့ကြသည်။ ဒါဟာ ရန်သူ့ဘက်က ဘယ်တော့မှ ပြန်မခုခံနိုင်မဲ့ တိုက်ကွက်တွေဆိုတာ ရဲရဲကြီးယုံကြည်သည်။