အနှစ်၂၀ကြာပြီးနောက်.....
"လေညှင်းရဲ့ဆန့်ကျင်ဘက်က မဦးတည်ပဲ
ကောင်းကင်ကြီးတောင် ရဲရဲတောက်နေပြီ
ရင်ဝယ်ပိုက်သူ ဓားဖြင့်ခုတ်လို့
အမိန့်မနာခံသူ ရှိလေပြီ ။"မြို့အတွင်း စျေးထဲက ကလေးငယ်များရဲ့ ကဗျာရွတ်သံတွေက တညီတညာတည်း။ ကခုန် ကစားနေကြသည့် ကလေးငယ်များမှာ ပြုံးပြုံးရွှင်ရွှင် ဟန်ချက်ညီညီဖြင့်။
ပြုံးရွှင်စွာ ဆော့ကစားနေကြသည့် ကလေးငယ်များမှ အပ စျေးအတွင်းပြည်သူပြည်သားများရဲ့ အမူအရာများဟာ အလွန်စိတ်ညစ်နေကြဟန်။
လမ်းဘေးသေရည်ဆိုင်က လူ၃ယောက်ရဲ့ စကားဝိုင်းလေးကို တခြားသူများကပါ ထောက်ခံညီးတွားနေကြသည်။
"တိုင်းပြည်က မတည်ငြိမ်တော့...ကုန်သွယ်ဖို့ သွား လာ တာကအစ ခက်ခဲနေပြီ ဘယ်လိုလုပ်ကြမလဲ။"
အသက်ခတ်လတ်ပိုင်း လူတစ်ဦးက မော့သောက်ပြီး ကုန်သွားတဲ့ သေရည်ခွက်ကို စားပွဲပေါ် စောင့်ချကာ ညည်းညူစကားဆိုလိုက်၏။
"တခြားတိုင်းပြည်တွေကလည်း မငြိမ်သက်ဘူးလေ။ ဘယ်အချိန် တိုက်ပွဲ ထဖြစ်မလဲ တွေးပူရလွန်းလို့ အိပ်ရေးတောင် ကောင်းကောင်းမအိပ်ရဘူး။"
"ဟုတ်တယ်....ဟုတ်တယ်!!! အရင်က သာယာခဲ့တဲ့ ငါတို့ ယင်တိုင်းပြည်ကြီး ပြန်လိုချင်မိတယ်ကွာ။"
ဆံပင်ဖြူဖြူ အဖိုးအိုတစ်ဦးက ထိုသူတို့ သုံးယောက်ထိုင်တဲ့ သေရည်ဝိုင်းဘေးက ဖြတ်သွားရင်း ရေရွတ်လိုက်သည့်စကားကို လူတော်တော်များများ ကြားလိုက်ရသည်ကြောင့် ပို၍ ပင်မျက်နှာများ ညိုးငယ်သွားကြရသည်။
"အာ....ဒီအဖိုးကြီး ဘာတွေလျှောက်ပြောသွားမှန်းမသိ!! နောက်ခါ ဆိုင်ရှေ့လာရဲလာကြည့် ရိုက်ထုတ်ပစ်မယ်...လာ..လာ...ဆက်သောက်ကြပါ....ဆက်သောက်ကြပါ။"
သေရည်ဆိုင်ရဲ့ စားပွဲထိုးတစ်ဦးက အဖိုးကြီးရဲ့ စကားကို မကျေနပ်နေဟန် အော်ငေါက်နေလေရဲ့။
တချို့တလေက အမှုမဲ့အမှတ်မဲ့ ထားသော်ငြား စားပွဲထိုးရဲ့ ရိုင်းစိုင်းတဲ့ စကားပြောဆိုပုံကို သေရည်ဆိုင်ထဲရှိ လူငယ်လေးတစ်ဦးက ကြားနေရသည်ကိုပင် စိတ်ပျက်နေသော်ငြား ဝင်ပြောဖို့တော့ သူ့မှာ စိတ်ကူးမရှိ။