လွန်ခဲ့သော တစ်ပတ်က...
IJssel Lake ဘေးမှာရှိတဲ့ တိုက်အိမ်သေးသေးလေးရဲ့ ထမင်းစားခန်းမှာ အမျိုးသားနှစ်ယောက်၊ အမျိုးသမီးသုံးယောက်နဲ့ ကလေးမလေးတစ်ယောက်တို့ ခုံမှာအစီအရီထိုင်ရင်း ဘရိုင်ယန့်ကို ကြည့်နေကြတယ်။ ဘရိုင်ယန် သူ့ကိုခေါ်လာတဲ့ သားအဖကို မေးဆတ်ပြလိုက်တော့ အဖေဖြစ်သူက သူ့ကိုလက်ကာပြလာတယ်။ ပြီးမှ အမျိုးသားကြီးက မိန်းမဖြစ်ပုံပေါ်တဲ့ အမျိုးသမီးကို လက်တို့ကာခေါ်သွားတယ်။ ကလေးမလေးကတော့ သူ့ကိုငေးကာကြည့်လို့။
"ဘယ်သူကြီးလဲ"
အမျိုးသမီးက ယောက်ျားဖြစ်သူရဲ့ လက်ကို ဖြုတ်ချရင်း ဖြေရှင်းချက် အပြည့်အစုံပေးဖို့ မျက်နှာပေးနဲ့ လက်ပိုက်ရင်း မေးတယ်။
"အဲ့ဒီကောင်လေးက ငွေတွင်းပဲ"
"အဘိုးကြီး ရှင်ဘာတွေအရူးထပြန်ပြီလဲ၊ သူ့ကြည့်ရတာ အူကြောင်ကြောင်နဲ့၊ စိတ်မနှံ့ဘူးလား မသိဘူး။ ဝတ်ထားတာတွေကလည်း စုတ်ပြတ်ပေရေနေတာပဲ။ ဘယ်လိုလုပ် ငွေတွင်းဖြစ်နိုင်မှာလဲ"
လင်မယားနှစ်ယောက် ထမင်းစားခန်းအပြင်ဘက်ကနေ အခန်းထဲက ဘရိုင်ယန့်ကိုကြည့်ပြီး ခပ်ကျိတ်ကျိတ် စကားပြောနေကြတယ်။ အမျိုးသားကြီးက သူ့လည်ပင်းမှာပတ်ထားတဲ့ ခပ်နွမ်းနွမ်း မီးခိုးရောင်မာဖလာကို ချွတ်ကာ လက်တစ်ဖက်မှာကိုင်လိုက်တယ်။ အမျိုးသမီးကြီးကတော့ မဲ့ကာရွဲ့ကာနဲ့ ဘရိုင်ယန့်ကို အကဲခတ်လို့။
"မောင်းထုတ်လိုက်စမ်းပါ၊ ရှုပ်ရှုပ်ယှက်ယှက်တွေ"
"မင်းသူ့လက်ထဲမှာ ကိုင်ထားတဲ့ တယောကိုတွေ့လား"
"တွေ့တယ်လေ ဘာဖြစ်လို့လဲ"
"အဲ့တာ Stradivarius တယောပဲ"
"ဘာကြီး"
"အဲ့တယောနီက ဒေါ်လာဆယ်သန်းလောက် တန်တယ်" လို့ အမျိုးသားကြီးက တဟဲဟဲရယ်ရင်းပြောတယ်။
"ရှင်ရူးနေလား"
"ငါItalyက ဂီတပစ္စည်းတွေရောင်းတဲ့ဆိုင်မှာ အလုပ်လုပ်တုန်းက အဲ့တယောမျိုးမြင်ဖူးတယ်၊ မယုံရင် မင်း,သားကိုမေးကြည့်"
YOU ARE READING
Launch To Rescue A Heart
General Fictionသင်ချစ်ရတဲ့၊ မြတ်နိုးရတဲ့သူက တစ်နေ့သင့်ကို မမှတ်မိတော့ရင် သင်ဘယ်လိုတုံ့ပြန်မလဲ။ ယူကြုံးမရဖြစ်မလား၊ ဝမ်းနည်းမလား၊ ဒေါသတွေပဲ ထွက်မလား။ တကယ်တော့ သင်ဘာမှ မတတ်နိုင်ပါဘူး။ ဘာလို့ဆို သူက သင်ချစ်ရတဲ့သူ ဖြစ်နေလို့လေ။ မြတ်နိုးလွန်းလို့ သူ့အတွက်ဆို အကောင်းတွေက...