ကျွန်မတို့ နေခဲ့တဲ့ ရွာလေးကို အမှတ်တမဲ့ ပြန်ရောက်တော့ ရွာအဝင်က ရေချမ်းစင်လေးကို အရင်တွေ့ရတယ်။ အဲဒီ ရေချမ်းစင်လေးမှာ မြကြိုင် ဆိုတဲ့ နာမည်လေးကလည်း နေရာလေးယူလို့ပေါ့။
မြကြိုင်...မြကြိုင်...
မြကြိုင်ဆိုတာ ရွာထဲက အင်း ဘယ်လိုပြောရမလဲ.. မိန်းမလျာပေါ့။ မိန်းမလျာ ဆိုလို့ အလွန်တရာမှ နွဲ့တယ် နောင်းတယ်ရယ်လည်း မဟုတ်ပါဘူး ခန္ဓာကိုယ်ရော၊ ဟန်ပန်ကရော ပျော့ပျော့ညံ့ညံ့ ဟုတ်မနေဘူး။ စိတ်ကသာ နွဲ့တာ ရုပ်ရည်ကတော့ ကျားကိုးကောင် စားမကုန်ဘူးလို့ ပြောရမလိုပဲ။ မြကြိုင်ရဲ့ အရပ်က ငါးပေ ကိုးလက်မ လောက်အထိ ရှိတယ်။ ရပ်ထဲရွာထဲမှာ ဗလတောင့်တောင့်နဲ့ ထောင်ထောင် မောင်းမောင်း ခန္ဓာကိုယ်မျိုးပဲ။ ရုပ်ရည်ကို ကြည့်ရင်လည်း မြကြိုင်ရဲ့ မျက်နှာက လေးထောင့်ဆန်တယ် ပြီးတော့ နှုတ်ခမ်းမွေး ရေးရေးလေးတွေလည်း ရှိနေသေးတယ်။ မြကြိုင်ဟာ အသားညိုညို၊ ဗလ တောင့်တောင့်နဲ့ အဲသည်လို ပုံစံပဲ။ ဗလတောင့်တောင့် ဆိုလို့ မြို့သားတွေလို အလေးတွေမ,ပြီး ကစားတာမျိုးမဟုတ်ဘူး။ ရပ်ထဲရွာထဲက အလုပ်မှန်သမျှလုပ်နေတာရယ်၊ နောက်ပြီး နဂိုပုံစံကလည်း ထောင်ထောင်မောင်းမောင်းရယ် မလို့ ဒီလို ပုံစံ ဖြစ်နေတာပါ။
"မြကြိုင်ရေ.. နင် အားသလား"
မြကြိုင်ဟာ အပြေးကလေး ရောက်လာတယ်။
"အရီး သောက်ရေလိုပြီလား"
သည်လိုပဲ၊ မြကြိုင်ဟာ သိပ်ပြီး ကူညီတတ်တယ်။ ရေပုံးလေးတွေကို ဆွဲပြီး သီချင်းလေးတညည်းညည်းနဲ့ ရွာဦး ဘုန်းကြီးကျောင်းကို သွားတော့တာပဲ။
အဲဒီအချိန်တုန်းက ရေ ဆိုတာကလည်း ရေသန့်ဘူးနဲ့ တွင်းရေပဲ ရှိတာလေ။ ဒီလို ရေသန့်ဘူးတွေကို အမြဲတော့လည်း ဘယ်သောက်နိုင်ပါ့မလဲ။ အဖိုးအခကလည်း ကြီးတာကိုး။ ဒီတော့ အလကားရတဲ့ ဘုန်းကြီးကျောင်းက ရေကိုပဲ အားကိုးကြရတယ်။ ပြီးတော့ ရွာဘုန်းကြီးကျောင်းက သောက်ရေ က သိပ်အေးပြီး သိပ်ကောင်းတာ။ အေးစိမ့်ပြီး မြေအိုးထဲ ထည့်ထားလိုက်ရင် အခုခေတ်ပြောနေတဲ့ ရေခဲသေတ္တာတောင် မလိုဘူး။ ရန်ကုန်မြို့ကြီးမှာ တစ်ခွက်ကို သုံးဆယ်နဲ့ ဝယ်သောက်ရတဲ့ ရေခဲရေလို အရသာမျိုးထက်တောင် ကောင်းလှပါရဲ့။