"မေ "
သူ့ခေါ်သံမှာ ကျွန်မ သိပ်ပျော်သွားမိတယ်။ သူရောက်လာပြီလေ။ သူ ဆိုတဲ့ ကျွန်မ ချစ်သူ ။ နာမ်စားအားဖြင့် မောင် ပေါ့။ မောင် ဟာ သိပ် အလုပ်များတဲ့သူ။ ဒါကြောင့်ပဲ ကျွန်မတို့ ရဲ့ တွေ့ဆုံချိန်ဆိုတာ တစ်လလုံးမှာမှ တစ်ရက် ၊ နှစ်ရက်ပါပဲ။
သူ ဟာ သိပ်အလုပ်များတာတော့ သေချာပေမယ့် ဘာအလုပ်လဲ ဆိုတော့တော့ ကျွန်မ သေချာ မသိရပါဘူး ။ လူတစ်ယောက်ရဲ့ PA လို့ အကြမ်းဖြင်းသိထားပေမယ့် ထပ်ပြီးတော့လည်း မမေးဖြစ်ဘူး ။ ကျွန်မတို့ရဲ့ တွေ့ချိန် ဆုံချိန်က ခဏလေးမလို့ လည်း တွေ့လိုက်တိုင်းမှာ အလုပ်ကိစ္စထက် အခြားကိစ္စလေးတွေ ကို ပဲ ပြောဖြစ်ကြတယ်။
မောင်က အားကိုးချင်စရာကောင်းတဲ့ ခန္ဓာကိုယ် ပိုင်ရှင်မျိုးတော့ မဟုတ်ပြန်ဘူး။ မျက်နှာသွယ်သွယ်မှာ လှိုင်းတွန့်နေတဲ့ အညိုရောင်ဆံပင်လေးတွေက ခပ်ဝဲဝဲကျနေတယ်။။ အာရုံစူးစိုက်တတ်တဲ့ သူတွေရဲ့ မျက်လုံးမျိုးလို မျက်အိမ်ရှည်ရှည်မှာ အညိုရောင် မျက်ဝန်းတွေနဲ့ ။ မျက်ခုံးထူထူ နဲ့ နှာတံ ရှည်ရှည် က အထင်ရှားဆုံး အစိတ်အပိုင်းတွေပါပဲ။ နှုတ်ခမ်းပါးပါးလေးတွေကို ကော့ညွတ်ပြုံးလိုက်တဲ့အခါ မထင်မရှားရှိနေတဲ့ ပါးချိုင့်တစ်ခုကို လှပ်ခနဲတွေ့ရပြန်တယ်။
ဒါဟာ မောင်ပါပဲ။ ကျွန်မရဲ့ မောင် ပါပဲ ။
ချစ်ရသူက လျှို့ဝှက်ချက်များလွန်းသူ ဖြစ်ပေမယ့် ကျွန်မကလည်း မေးခွန်း မများတတ်တော့ အဆင်ပြေနေပါတယ်။
********
ဘေးက တိုက်မှာ နေတဲ့ ဦးလေး ဆုံးပြီတဲ့ ။ ဟိုတစ်လောကမှ စကားတွေ ပြောခဲ့ကြတာပါ။ ရုတ်တရက်ဆန်လိုက်တာ။
နေများမကောင်းလို့လား လို့ မေးမိတဲ့အခါ ပြန်ကြားရတဲ့ စကားက ထိတ်လန့်သွားစေတာပါပဲ။
"အသတ်ခံရတာ " တဲ့လေ။
"သတ်သွားတဲ့ သူက ငယ်ငယ်လေးပဲ ။ သတ်ပြီးတာနဲ့ တန်းပြီးပြန်သွားတာ။ အခြားသူတွေကို လှည့်တောင်မကြည့်ခဲ့ဘူး"
ဘုရား ဘုရား ။ ကျွန်မ အတော်လေး တုန်လှုပ်သွားမိတယ်။ ကြောက်စရာကောင်းလိုက်တာ။