Whispers in the Snow (Part 2 Final)

736 112 21
                                    

သူ ဒီနေ့အတွက် ဒုတိယံမိအဖြစ် ပန်းခြံဟောင်းလေးဆီကို ရောက်လာခဲ့ပြန်သည်... ပထမတစ်ခေါက်ကနှင့်ဆန့်ကျင်စွာပင် သူလွန်စွာမောဟိုက်နေပြီး နှလုံးခုန်နှုန်းတွေ အလွန်အမင်းပြင်းထန်နေသည်... လေကိုပါးစပ်နှင့်ပါ အငမ်းမရရှိုက်သွင်းသောအခါ ဆောင်းလေ၏ခြောက်သွေ့မှုသည် အာခေါင်ထဲအထိ လာရောက်ရိုက်ခတ်နေသည်... ပြေးလာခဲ့တဲ့လမ်းတစ်လျှောက်လုံး အဆက်မပြတ်ကျဆင်းခဲ့သောမျက်ရည်တို့မှာ ပါးပြင်ပေါ်တွင်ခြောက်ကပ်ကုန်သည်...

"အစ်ကို... ထွက်လာခဲ့... အခုချက်ချင်းထွက်လာခဲ့..."

"အစ်ကို... ထွက်ခဲ့ပေးပါ..."

"အစ်ကို... လာမတွေ့ရင်... ကျွန်တော်ဘယ်ကိုလိုက်ရှာရမလဲ ဆိုတာမသိဘူးလေ... ကျွန်တော်မရှာတတ်တာ အစ်ကိုလည်းသိနေရက်နဲ့... ဘာလို့... ဒီလို..."

"ထွက်လာခဲ့ပါ... ကျွန်တော်ထင်နေတာတွေ မဟုတ်ဖူးဆိုတာ အစ်ကိုကကိုယ်တိုင် လာပြောပြပေးရမှာမဟုတ်ဖူးလား..."

ထိုနေရာတွင် သူတစ်ယောက်တည်းရှိနေသည်... သူတစ်ယောက်တည်း ခေါင်းကိုငုံ့ပြီးငိုနေမိသည်... တစ်လောကလုံးတွင် သူတစ်ယောက်တည်းရှိနေသလို မျှော်လင့်ချက်မဲ့တဲ့ခံစားချက်က တစ်ဖန်ပြန်ပြီးနှိုးကြွလာသည်... သူပိုပြီးရှိုက်ကာရှိုက်ကာငိုမိရင်း ဘေးဘီတဝိုက်ကို တစ်ဖန်ပြန်ကြည့်ကာ အစ်ကို့ကိုရှာမိသည်...

"အစ်ကို... ဒီလိုထားသွားလို့တော့မရဘူးလေ..."

သူ့အသံသည် နှုတ်ဖျားကထွက်ကျရုံ တိုးတိုးလေးသာ...

ထိုစဉ် နှင်းမှုန်သေးသေးလေးတွေ ဖြည်းဖြည်းချင်းကျဆင်းလာခဲ့သည်... ဒူးထောက်ရက်ထိုင်နေတဲ့သူ့ရဲ့ပေါင်ပေါ်, သူ့ရဲ့ပခုံးပေါ်, သူ့ရဲ့ဆံနွယ်လေးတွေအပေါ်... 

ဒါပေမယ့် နှင်းတို့နှင့်အတူရောက်လာစေချင်သည့် သူတစ်ယောက်ကတော့ ပေါ်မလာခဲ့ပါ...

ဆော့ဂျင် ပါးပေါ်ကမျက်ရည်စတွေကို အင်္ကျီလက်ဖြင့် ကြမ်းတမ်းစွာသုတ်ပစ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်... အစ်ကိုကပေါ်မလာခဲ့ဘူး... ဒါဆိုရင် သူလုပ်နိုင်တာ တစ်ခုတည်းသာရှိတော့သည်... သူအဖြေရှာကြည့်ဖို့ ကြောက်ရွံနေခဲ့သောအဖြေတစ်ခု... ထိုအဖြေကိုပေးနိုင်သည့်သူမှာ ဆေးပေးခန်းတွင်ရှိနေသော အစ်ကို့ရဲ့အမေသာဖြစ်လိမ့်မည်...

Athena's Mini Stories (KookJin)Where stories live. Discover now