ငါကလွဲလို့ တစ်လောကလုံးက ပျော်နေကြတယ်။ အနောက်တိုင်း ဝတ်စုံကို စမတ်ကျကျ ဝတ်ထားတဲ့ မင်းကတော့ အခုချိန် ကမ္ဘာပေါ်မှာ အပျော်ဆုံး လူသားပေါ့။ မင်းဘေးက အမျိုးသမီးလေးကလည်း ဂါဝန်အဖြူ လှလှလေးဝတ်၊ ဇာပုဝါလေး ခြုံထားပြီး ပျော်နေတာပဲ။ ပရိသတ်တွေရဲ့ အရှေ့ဆုံးမှာ ထိုင်နေတဲ့ မင်းအဖေရော၊ ငါ့ကိုဆို သဘောမကျတဲ့ မင်းအမေပါ ပျော်နေတာပေါ့။
ဒီပွဲကို တက်လာကြတဲ့ လူတိုင်းက ရောက်လာကတည်းက မင်းတို့ကို ကြည့်ပြီး တစ်ယောက်တစ်ခွန်း ပြောသွားကြတာက သူတို့ကို ကြည့်ပါဦး နေနဲ့လ၊ ရွှေနဲ့မြလို အရမ်းကို လိုက်ဖက်နေတာပဲတဲ့။ ဒီစကားတွေ ကြားရတော့ ငါ့ရင်ထဲ ဆစ်ခနဲ ဖြစ်သွားပြီး ရုတ်တရက် မင်းကို ကြည့်နေတဲ့ ငါ့ မြင်ကွင်းက ဝေဝါးလာတာမို့လို့ ငါ ခေါင်းကိုမော့လိုက်ရတယ်။
အခုလို မင်္ဂလာယူရမယ့်နေ့မှာ ငါ့စိတ်ထဲ ဘယ်လောက်တောင် မကောင်းတဲ့ အတွေးတွေနဲ့ပြည့်နေပြီး ယူကျုံးမရဖြစ်နေလဲ မင်းမသိဘူး။
ရာသီဥတု သာယာပြီး အင်မတန်ကိုမှ ကြည်လင်နေတဲ့ ကောင်းကင်အောက်က အမိုးအကာ မရှိတဲ့ ဒီအခမ်းအနားပေါ်ကို မိုးသက်လေပြင်းတွေ ကျလာစေချင်နေတာလေ။ ဒါမှ မဟုတ်လည်း အဝေးကြီးကနေ ရောက်မလာနိုင်တဲ့ ရေလှိုင်းလုံးတွေ ရောက်လာပြီး ဒီနေရာကို တိုက်စားဝါးမြိုသွားရင် ကောင်းမယ်ဆိုပြီး တောက်လျှောက်တွေးနေခဲ့တာ။
နှစ်ဦးနှစ်ဖက် ကတိသစ္စာတွေ အထပ်ထပ် ဆိုပြီးတဲ့နောက် မင်းရဲ့ အနမ်းကို ရှက်ပြုံးလေးနဲ့ ခံယူနေတဲ့ မင်းရဲ့ ဇနီးလောင်းကို ကြည့်ပြီး ငါ နောင်တရလွန်းလို့ ရူးတော့မှာပဲ။
သင်းအုပ်ဆရာက ဒီလက်ထပ်ပွဲကို ကန့်ကွက်မယ့်လူ ရှိပါသလား မေးတုန်းက ဆတ်ခနဲ ထရပ်လိုက်ဖို့ ငါ့ခြေထောက်တွေက ဘာလို့ ခဲဆွဲထားသလို၊ ကျောက်ချထားသလို ဖြစ်နေခဲ့တာလဲဆိုတာ ငါလည်း အခုထိ မေးခွန်းထုတ်နေရတုန်း။
မင်းရဲ့ဇနီးက သူ့လက်ထဲက ပန်းစည်းကို ငါတို့ လူအုပ်ထဲ မြန်မြန် ပစ်ပေးခဲ့ပြီး မင်းလိုမျိုး အနောက်ကို လှည့်မကြည့်တော့ဘဲ မင်းလက်ဆွဲခေါ်တဲ့နောက် ပြေးလိုက်သွားတာကို ငါ ကြောင်ပြီး ရပ်ကြည့်နေမိတယ်။
YOU ARE READING
Unrequited Ten Years
Fanfictionဘဝဆက်တိုင်းလည်း မင်းနဲ့ငါ ဘယ်တော့မှ ပြန်မတွေ့ပါရစေနဲ့။ Start : 28.12.2023 End :