ဒီဇင်ဘာ ၂၅၊ ခရစ္စမတ်နေ့ ... လန်ဒန်မြို့။
လမ်းမပေါ်မှာ စည်ကားနေတဲ့လူတစ်ချို့၊ လမ်းထောင့်တိုင်းမှာ တီးဝိုင်းလေးတွေရှိသလို ခရစ္စမတ်ဝတ်စုံနဲ့ ကောင်မလေးအချို့ကလဲ တီးမှုတ်ဖျော်ဖြေနေကြသည်။
အေးခဲနေတဲ့ နှင်းထုတွေကြားက အပြိုင်အဆိုင်အလှဆင်ထားတဲ့ခရစ္စမတ်သစ်ပင်တွေ၊ နီယွန်မီးအချို့နဲ့တန်ဆာဆင်ထားတဲ့စားသောက်ဆိုင်တွေ၊
ခပ်မြူးမြူးပျံ့လွှင့်လာတဲ့ ခရစ္စမတ်တေးသွားတွေက အေးစိမ့်နေတဲ့ပတ်ဝန်းကျင်ကို အသက်သွင်းပေးထားသည်။ အဲဒီပုံရိပ်တွေနဲ့အပြိုင် လက်တွေ အချင်းချင်းယှက်သွယ်ကာ အေးစိမ့်နေတဲ့ရာသီဥတုကိုလျစ်လျူရှုပြီး အကြည့်တွေနဲ့တင် နွေးထွေးနေပုံရတဲ့ စုံတွဲတချို့က ပိုအသက်ဝင်နေပြန်သည်။တစ်ချိန်ချိန်မှာ ကိုကိုနဲ့ သူ လက်တွဲနိုင်ဖို့စိတ်ကူးယဉ်ခဲ့ပေမဲ့ အခုချိန်မှာအရာအားလုံး ပြိုလဲသွားခဲ့ပြီဖြစ်သည်။ ကိုကိုဟာ နှစ်သစ်မှာ မင်္ဂလာယူတော့မဲ့သူတစ်ယောက်ဖြစ်နေခဲ့သည်လေ။
“ ဂျမ်! သွားရအောင် ”
Promလာခေါ်တော့မှ အတွေးတွေကို လက်စသတ်ရင်း ကားပေါ် လိုက်ခဲ့မိတော့သည်။ ဒီနေ့ ကိုကို့မင်္ဂလာပွဲ၊ အင်္ဂလန်မှာ အကျဉ်းချူံးလုပ်တဲ့ပွဲလေးဆီ သူ ဦးတည်နေတာဖြစ်သည်။ မင်္ဂလာပွဲကျင်းပရာ ဘုရားကျောင်းကို ရောက်တော့ အပြင်အဆင်တွေက ခရစ္စမတ်နေ့ကြောင့် ဖြစ်မည်၊ မင်္ဂလာပွဲရယ်လို့တော့ တူလှတယ်မရှိ။ ထောင့်တိုင်းမှာ ခရစ္စမတ်သစ်ပင်လေးတွေနဲ့ စာတန်းလေးတွေချိတ်ဆွဲထားသလို လာလမ်းတလျှောက်မှာလဲ ဆန်တာကလော့အသေးစားလေးတွေ အစီစီအရီရီထောင်ထားသည်။ ကျောင်းဝင်းအတွင်းမြက်ခင်းမှာတော့ ခရစ္စမတ်တေးသွားတွေ သီဆိုနေတဲ့ဆန်တာကလော့ ဝတ်စုံနဲ့လူကြီးရယ်, လက်ဆောင်ဘူးလေးကိုယ်စီကိုင်ထားတဲ့ ကလေးလေးတွေရယ်ကို တွေ့တော့ သူ ပြုံးလိုက်မိသည်။
ဒီနှစ်တော့ ကိုကို့အတွက် ဘာလက်ဆောင်မှ မပါခဲ့ဘူးကိုကို... ပြောနေကျစကားတစ်ခွန်းကလွဲရင် ဘာကိုမှ မပြင်ဆင်လာခဲ့ဘူး ကိုကို ...