your
မျက်ခွံများကို နေထိုးလာသည့်အခါ ဂျုံအင်း မျက်လုံးအလိုလိုဖွင့်လိုက်သည်။ လင်းနေပြီဖြစ်သော်လည်း အပူရှိန်မရှိသေးသည့် ကောင်းကင်နှင့် အီဖယ်တာဝါထိပ်ပိုင်းကို စက္ကန့်ပိုင်းလောက်ကြည့်နေမိသည်။ ထို့နောက် ကြမ်းပြင်ပေါ်ရှိနေသည့် အတွင်းခံပေါ်အကြည့်ရောက်သွားပြီး နောက်တစ်စက္ကန့်တွင်မနေ့ညက ကိုယ့်ဖက်ကရဲတင်းပြီးစတင်ခဲ့သည့် မှတ်ဉာဏ်များ တာပြိုသလိုအသိစိတ်ထဲဝင်လာသည့်အခါ ပါးများပူတက်လာသည်။
ခါးကိုဖက်ထားသည့် လက်မောင်းနှင့် လည်ကုပ်ကို ကျီစယ်နေသည့် ဝင်သက်ထွက်သက်ကြောင့် ရှက်စိတ်နှင့်အတူ ရင်ခုန်နှုန်းပါမြန်လာသည်။
ကိုယ်ကိုအရမ်းမလှုပ်မိစေဖို့သတိထားရင်း နာရီလှမ်းကြည့်တော့ မနက် ၆ ခွဲစွန်းလေးကိုပြနေသည်။
အခုချိန်တိတ်တိတ်လေးထွက်လာပြီး တည်းသည့်နေရာပြန်လျှင် ဘယ်သူမှ သတိထားမိမှာမဟုတ်...။
ဆုံးဖြတ်ချက်နှင့်အတူ ခါးပေါ်ကလက်ကို သတိတကြီးနှင့်ညင်သာစွာဖယ်ပြီး ကုတင်ပေါ်မှဆင်းခါနီး ထွက်လာသည့်အသံကြောင့် ရင်တုန်တက်သွားသည်။
"ဘယ်ပြေးမလို့လဲ"
ခါးကိုပြန်ဖက်သည့်အပြင် သူ့ရင်ခွင်ထဲတစ်ကိုယ်လုံးဝင်သွားအောင်ထိ ဆယ်ဟွန်းက ဆွဲကပ်သည်။"တိတ်တိတ်လေး ခိုးပြန်မလို့ လုပ်နေတာလား"
သူ့၏ မနက်ခင်းအသံက ပုံမှန်ထက်ပိုနက်ပြီး ဆွဲဆောင်မှုပိုပြင်းနေသည်။"မဟုတ်ပါဘူး"
ဂျုံအင်းက လိမ်တော့ သူကရယ်သည်။
ထို့နောက်တော့ တိတ်သွားပြီး...
"ဂျုံအင်းက one night stand အနေနဲ့ပဲ ထားချင်တာလား"
ဖျော့သွားသော အသံကြောင့်ဖြစ်မည်ထင်သည်။ ခါးကိုဖက်ထားသည့် လက်လျော့သွားသောကြောင့်ဖြစ်မည်ထင်သည်။ သို့မဟုတ် သူ့ကို ဘယ်လောက်ပဲပိုရရလိုချင်မိသည်ကြောင့်ဖြစ်မည်ထင်သည်။ ဂျုံအင်း ချက်ချင်းခေါင်းခါပြီး ခပ်တိုးတိုးဖြေလိုက်သည်။