(၆)

2.3K 385 5
                                    

Unicode


သောကြာနေ့ ညနှောင်းပိုင်း။

'Last Love' အဖွဲ့သားများ၏ ရုံးဧရိယာသည် တောက်ပစွာ လင်းထိန်နေဆဲ။

မြန်ဆန်လှသည့် စာရိုက်သံ တဂျောက်ဂျောက်ကို အဆုံးမရှိ ကြားနေရပြီး လူတိုင်း၏ အမူအရာများကလည်း အလွန် တင်းမာလျက်ရှိသည်။ နံရံတွင် ချိတ်ဆွဲထားသည့် အဖြူရောင်ဘုတ်ပြားပေါ်တွင် အနီရောင်တောက်တောက်ဖြင့် ထင်ရှားစွာ ရေးထားသည်က -

Countdown : 24 hours !!!!

အနှီသတိပေးချက်ကို ပြုလုပ်ထားသူမှာ ကုမ္ပဏီတွင် PTSD လက္ခဏာ အပြင်းထန်ဆုံးဖြစ်သည့် ဟူရှားဖြစ်ပြီး ယခုအခါတွင် ဖုရှောင်ယွီ သတ်မှတ်ပေးထားသည့် Dead line ရောက်ဖို့ နာရီဝက်သာ လိုတော့သည်။

ရွှီကျားလဲ့၏ မျက်နှာက ကွန်ပျူတာနှင့် အလွန် နီးကပ်နေသည်။ ဤအနေအထားက နည်းနည်းမှ အဆင်မပြေသည့်တိုင် သူ ဂရုစိုက်မနေအား။ သူ မျက်မှန်တပ်ထားသည်မှာ အချိန်အတော်ကြာသွားပြီ။ မျက်မှန်ရိုးက သူ့ နှာတံမြင့်မြင့်ကို လာဖိထား၍ အနီစင်းကြောင်းကြီး နှစ်ခုထွက်ပေါ်လာချိန်တွင် မျက်မှန်ကို ခဏ ဖယ်ထုတ်ထားလိုက်ရသည်။ မျက်မှန်ချွတ်ပြီး မျက်စိအနားပေးဖို့ အချိန်မရှိသည်ကြောင့် သူ့မှာ မျက်မှန်ကို ခေါင်းပေါ် ပင့်တင်ထားရ၏။

မူလက မေးခွန်းပေါင်း ၄၃၂ ခုရှိရာမှ ရက်အနည်းငယ်ကြာ အချိန်ပိုဆင်း၍ ကြိုးစားပြီးချိန်တွင် မေးခွန်း ၃၆ ခုသာကျန်တော့သည်။

စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ချက်တွင် ထည့်သွင်းထားသည့် မေးခွန်းများသည် မျက်စိမှိတ်ပြီး ဖျက်ပစ်ချင်တိုင်း ဖျက်ပစ်လို့ရသည်မျိုး မဟုတ်ချေ။ မေးခွန်းတွေသည် တခုနှင့်တခု အပြန်အလှန်ချိတ်ဆက်နေသည့် မေးခွန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် စနစ်ကြီးတခုဖြစ်သည်။ မေးခွန်းတခုကို နုတ်ပယ်လိုက်ခြင်းက မေးခွန်းအသစ်တခု ထပ်ထည့်သည်ထက်ပင် ပို၍ ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ပယ်ထုတ်နေစဉ်အတွင်း ကျန်ရှိမည့် အဖြေသည် တိကျမှု အမြင့်မားဆုံး ရလဒ်ပေးစွမ်းနိုင်ရန် သေချာနေဖို့ လိုအပ်၍။

Evil Love Appears {မြန်မာဘာသာပြန်}Where stories live. Discover now