ကုန်လွန်ကျော်လွှားခဲ့ပြီးဖြစ်တဲ့ စာမျက်နှာအချို့ကို ပြန်လှန်လှောကြည့်လိုက်ရင် စာမျက်နှာ ၁၇ မှာ စတင်ပါဝင်လာခဲ့တဲ့ သက်ရှိတစ်ဦးရှိခဲ့ဖူးတယ်။
ဒေစီတွေကိုတထွေးတပွေး ပိုက်ရင်း ကြယ်တာရာတွေကို ပိုပြီးတောက်ပစေရင်း ထပ်တူကျခဲ့တဲ့ စည်းချက်မမှန်မှုတွေရှိခဲ့ဖူးတယ်။ မြဲမြံစွာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြတဲ့ လက်ဖဝါးနှစ်ဖက်ကတော့ အဲ့သည်အချိန်တုန်းက အလှဆုံးရယ်လို့ ကြွေးကြော်လိမ့်မယ်။
တကယ်တမ်းလဲ ကုန်လွန်ပြီးခဲ့တဲ့စာမျက်နှာတွေမှာ ပြီးခဲ့ပြီဖြစ်တဲ့အတိတ်တို့မှာ ငယ်ရွယ်ခြင်း လှပခြင်းတွေ ကပ်ငြိခဲ့ပြီး ချစ်ခြင်းတွေထပ်တူကျလျက် အလှပဆုံးဖြစ်ခဲ့ပါ၏။ ဒါတွေကိုတော့ အတိတ်ဆိုတဲ့ခေါင်းစဉ်အောက် ခြောက်ကာမှိန်ပျပျဖြစ်သွားတဲ့မှင်နက်နဲ့ ရေးခဲ့မိသည်ပေါ့။
"ငါမင်းနဲ့အတူဆေးကျောင်းတက်မယ်"
"နောက်ပြီး ငါမင်းနဲ့အတူဆရာဝန်လုပ်မယ်"
"ပြီးရင် ငါမင်းကိုလက်ထပ်မယ်"
သံသယရှင်းရှင်းနဲ့ယုံခဲ့မိသည့်စကားတို့ဟာ ဆယ်ကျော်သက်ကောင်လေးတစ်ဦးဆီက ထွက်ကျလာခဲ့တဲ့ စကားတွေပါလေ။ နှစ်နှစ်ခြိုက်ခြိုက်ပြုံးရင်း ချိတ်ဆွဲခဲ့မိတဲ့ လက်သန်းလေးနှစ်ဖက်မှာ ချစ်ခြင်းမေတ္တာတွေ ယိုဖိတ်စင်ခဲ့တယ်။ ယုံကြည်ခြင်းတွေမှာလဲ မြစ်ဖျားခံခဲ့ပြီး အဲ့ဒီအခိုက်အတန့်မှာတော့ သူတို့က ကြယ်တွေကိုအလှပဆုံး ရေးဆွဲခဲ့တာပဲ။
သူနဲ့ဆောင်းဟွန်း စတွေ့ခဲ့ကြတာက အသက် 17 မှာ။ ဆယ်ကျော်သက်အရွယ်ကိုကုန်ဆုံးခါနီးနှစ်ပတ်လည်တွေဆိုလဲမမှားသလို အရာရာကို စူးစမ်းလေ့လာကာ သိရှိနေပြီးဖြစ်တဲ့အချိန်ဆိုလဲမမှားဘူး။ နောက်ပြီး အချစ်ဦးပုံပြင်တွေကိုဖန်တီးဖို့ သင့်တော်တဲ့အရွယ်လို့ဆိုရင်လဲ အငြင်းစကားမရှိလောက်ဘူး။
နွေရာသီပိတ်ရက်တစ်ရက်မှာ ဆုံတွေ့ခဲ့တဲ့ ပုခုံးစွန်းလှလှလေးတစ်ဖက်။ တူနှစ်ကိုယ်ယှဉ်တွဲပြီး နိဗ္ဗာန်မဟုတ်လဲ ငရဲပြည်တံခါးဝအထိ ခေါက်တုံ့ခေါက်ပြန်သွားနိုင်တဲ့အထိ ငယ်ရွယ်ခြင်းရဲ့သတ္တိတို့ကလဲ ပြည့်ဝခဲ့ပြန်တယ်။ အချစ်ဦးပုံပြင်တွေက လှပကြောင်း အဲ့အချိန်တုန်းကတော့ သမုတ်ခဲ့မိတာပဲ။
VOCÊ ESTÁ LENDO
ဝေဟင်ယံထက်က တောင်ပံကျိုးငှက်များရဲ့အတ္ထုပ္ပတ္တိ
Fanficမပျံသန်းနိုင်တော့တဲ့ချစ်ခြင်းတွေ မြေပြင်ထက်မှာ ပျော်ရွှင်ပါစေလေ။