လမ်းမထက်ဝယ်ပြေးနေသော အနက်ရောင်ကားလေးထဲတွင်လေထုက တိတ်ဆိတ်ငြိမ်သက်လျက်။နှစ်ယောက်သား မည်သူတစ်ဦးတစ်ယောက်မျှလည်းစကားမပြောကြ။ကားအင်ဂျင်သံကိုပဲ ကြားနေရသည်။
မာန်ကားမောင်းနေရင်းမှ အရမ်းကိုငြိမ်ကုတ်နေတဲ့ကောင်မလေးကြောင့် မနေနိုင်စွာလှည့်ကြည့်မိသည်။သူမကကိုယ့်ဘက်ကိုလှည့်မလာ လမ်းမှဖြတ်သွားသောလမ်းမီးတိုင်တွေကိုသာ လိုက်ကြည့်နေပုံရသည်။မာန် ကိုယ့်ကိုယ်ကိုပင် စကားနည်းလှပြီထင်နေတာ ဒီကောင်မလေးကကိုယ့်ထက်တောင်ပိုဆိုးနေပါလား။
ကိုယ်အတင်းခေါ်လို့သာပါလာရတာ အခုချိန် သူမကိုဘာသွားပြောလို့ပြောရမှန်းမသိ။ပြီးတော့သူမကိုကြည့်ရတာ နေရခက်နေပုံပင်။ကိုယ်လည်းဘာထူးလဲ တစ်သက်နဲ့တစ်ကိုယ် မေမေနဲ့ရွယ်ကလွှဲပြီး တစ်ခြားမိန်းကလေးနဲ့ ကားအတူတူစီးဖူးတာမဟုတ်။သူစိမ်းမိန်းကလေးနဲ့နှစ်ယောက်တည်း အတူတူစီးဖူးတာဆိုလို့ သူမကပထမဆုံးပင်။
ပြီးတော့ဘာလို့ သူမကိုမှစိတ်ပူပြီး အသည်းအသန်လိုက်ပို့ချင်နေတာလဲ ကိုယ့်ကိုယ်ကိုပင်မသိတော့။ဒါပေမဲ့ သူမက ဒေါ်ကြီးအေးသီရဲ့တူမလည်းဖြစ် မိန်းကလေးလည်းဖြစ်တာကြောင့်လို့ပဲသတ်မှတ်လိုက်သည်။
သို့သော် သူမနေရာမှာ တခြားမိန်းကလေးဆိုရင်ရော အခုလိုဝင်ကူညီပြီး အိမ်တိုင်ရာရောက် လိုက်ပို့ပေးပါ့မလား။
မ,ဆို ခြေမလက်မကိစ္စတောင်စိတ်မဝင်စားတဲ့သူ့အဖို့ အခုလိုပဲလုပ်ပေးလိမ့်မယ်မထင်။ဘာလို့ဒီကောင်မလေးကိုကြမှ ကွက်ကျားမိုးတွေရွာနေရတာလဲ။
ခုနကသူတွေးခဲ့သလိုပါပဲ အိမ်မှာအလုပ်လုပ်နေတဲ့ လူတစ်ယောက်ရဲ့တူမဆိုတော့လည်း သူကူညီမိတာပါ။ကျန်တာဘာမှမဟုတ်ဘူး
မာန်ခေါင်းကိုရမ်းလိုက်ပြီး သူမကိုပြန်ကြည့်လိုက်တော့ ထိုအတိုင်းပဲရှိနေသေးတာကြောင့်စိတ်မရှည်တော့ပဲ။"ဒီမှာ မင်း!....ဇက်လည်းကျိုးနေအုံးမယ်...ဘာလဲ ငါ့ရုပ်ကတော်တော်ဆိုးနေလို့ ဒီဘက်ကိုမလှည့်ရဲတာလား"
နူးညံ့သည်လည်းမဟုတ် မာကျောသည်လည်းမဟုတ်သော တည်ငြိမ်အေးစက်သည့် သူ့အသံက ရုတ်တရက်ထွက်လာတော့ ပန်းကိုယ်လေးမှာ ဆတ်ခနဲဖြစ်သွားသည်။ပြီးမှ ယောင်နနနဲ့သူ့ဘက်ကိုကြည့်လိုက်သည်။သူက ပန်းကိုခနကြည့်ကာ အရှေ့ကိုပြန်လှည့်သွားသည်။
