ညကိုရောက်တော့ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ကာ ပေါင်လယ်လောက်ရှိတဲ့ညအိပ် ဖဲသားဂါဝန်အနီရောင်လေးကို ဝတ်ဆင်လိုက်သည်။ ပန်းကအရင်ကတည်းက ဝတ်တာစားတာခေတ်နည်းနည်းဆန်တော့ တစ်ယောက်တည်းဆိုရင် ခပ်ဟော့ဟော့လေးနေချင်သည်။ ခက်ခက်လေးကလည်းညတိုင်း ဒေါ်ကြာပန်းနဲ့သွားအိပ်မယ်ဆိုတော့ တစ်ယောက်တည်းလွတ်လပ်နေတော့တာပေါ့။တစ်ကိုယ်လုံးလည်းကိုက်ခဲနေတာကြောင့် အိပ်ရာပေါ်အိပ်လိုက်ပြီး ဖုန်းသုံးနေလိုက်သည်။ ဗိုက်ထဲကလည်းတစ်ဂွီဂွီနဲ့ဆိုတော့လူက ပိုပြီးနုံးချိလာသည်။ အာရုံပြောင်းဖို့ နားကြပ်ကိုတပ်ပြီး သီချင်းတွေကိုနားထောင်နေလိုက်သည်။
"ဒေါက် ဒေါက် ဒေါက်!"
".........."
မာန် အပြင်ဘက်ကနေ တံခါးကိုခေါက်တော့ တုံ့ပြန်သံမကြားတာကြောင့် ထပ်ခေါက်လိုက်သည်။
"ဒေါက် ဒေါက် ဒေါက်! ပန်းရိပ်မြုံ"
အကျယ်ကြီးလည်း မအော်ရဲ အိပ်ချိန်ရောက်နေပြီဆိုတော့ အားလုံးကတိတ်ဆိတ်နေသည်။
"အိပ်များနေပြီလား?.. ဘာမှလည်းမစားရသေးပဲနဲ့"
စိုးရိမ်စွာပြောလာပြီး လက်ထဲကအထုပ်တွေကိုငုံ့ကြည့်လိုက်သည်။ ဒီအတိုင်း ပြန်ပြီးလည်း လှည့်မသွားချင်။ တော်တော်နဲ့တံခါးကိုဖွင့်မလာတဲ့ကောင်မလေးကြောင့် တံခါးလက်ကိုင်ကိုကိုင်ကာ ရလို့ရညားလှည့်ကြည့်လိုက်သည်။
(ချောက်)
"ဟင်? တံခါးကိုလည်းလော့ချမထားပါဘူး ဒါဖြင့်ဘာလို့ပြန်မထူးတာလဲ"
တံခါးကိုမဖွင့်ခင် ဘေးပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်သည်။ ဘယ်သူမှ မရှိတော့မှ တွန်းကာဝင်လိုက်သည်။ အထဲကိုရောက်တော့ တံခါးကိုမြန်မြန်ပိတ်ကာ လော့ချလိုက်သည်။ မဟုတ်ရင်တစ်ယောက်ယောက်ဝင်လာမှဖြင့် ဒုက္ခ။ သူ့အဖြစ်ကလည်း သူမလေးနဲ့ကြမှ ကိုယ့်အိမ်ကိုယ့်ယာမှာ ခိုးကြောင်ခိုးဝှက်နဲ့ သူခိုးတစ်ယောက်ပုံစံလုံးလုံးဖြစ်နေသည်။
တံခါးကိုပိတ်ပြီး လှည့်ကြည့်လိုက်တဲ့အချိန်မှာ လက်ထဲကဝယ်လာတဲ့ ကြက်ဆီထမင်းထုပ်တွေတောင် လွတ်ကျချင်သွားရသည်။
