>> Unicode <<
~~~~~~~~~~~~" ငါသွားသင့်ပြီ "
" နေပါဦး "
ထွက်သွားတော့မဲ့ရံရွှေတော်လေးရဲ့လက်ကို အာလာဒင်အသာလှမ်းဆွဲထားမိသည်။ ပြန်ပြီးလှည့်ကြည့်လာသည့်မျက်ဝန်းလှလှတွေကိုငေးကာ တားဆီးရတဲ့အကြောင်းပြချက်ကို အပြေးအလွှားစဥ်းစားရ၏။
" မင်း.. ငါနဲ့နေပါလား "
ပင့်တက်သွားတဲ့မျက်ခုံးအစုံဟာ အာလာဒင့်ကိုစိတ်လှုပ်ရှားစေတာအမှန်။
" ဟို.. ငါပြောတာ... ငါပြောချင်တာက.. "
အသည်းအသန်ရှင်းပြဖို့ စကားလုံးတွေရှာနေစဉ်မှာ အနားကိုတိုးကပ်လာသူရဲ့ လက်ညှိုးသွယ်သွယ်ဟာ သူ့နှုတ်ခမ်းလွှာတွေပေါ်ကျရောက်လာ၏။ စူးစူးရှရှမျက်ဝန်းအစုံမှာ အညှို့ခံထားရသည့်သားကောင်လို အာလာဒင် ကြောင်အ,ကာငြိမ်သက်နေမိသည်။
" ငါ့ကို မင်းနဲ့အတူခေါ်ထားချင်တယ်ပေါ့ ဟုတ်လား "
ငုတ်တုတ်မေ့နေသလိုမျိုး မျက်လုံးအဝိုင်းသားနှင့် မိန်းမောနေတဲ့ အာလာဒင်ကိုကြည့်ပြီး သူလေးကခပ်ဖွဖွရယ်သည်။ ရယ်နေရင်းက အနားကိုပိုတိုးလာတာမို့ အာလာဒင်ရဲ့ရင်ထဲမှာလည်း တလှပ်လှပ်ခုန်လာရ၏။ ပြုစားခံထားသလို ငြိမ်ချက်သားကောင်းနေသူ အာလာဒင်နှင့် အနီးဆုံးနီးကပ်လာပြီးမှ လက်တစ်ဖက်ကိုလေထဲမြှောက်ကာ အားပါပါနှင့်လွှဲရိုက်ချလာသည်။
" အာ့ !! "
လန့်ဖျပ်ကာ မျက်လုံးအစုံကိုဖွင့်ကြည့်မိခိုက် ရင်ဘတ်ပေါ်ရောက်နေတဲ့ အဘူက သူ့လက်သေးသေးလေးနှင့် ပါးကိုထပ်ရိုက်လာ၏။ ထိုအခါမှ အာလာဒင်ခင်ဗျာ စိတ်နှင့်ကိုယ်ကပ်ကာ မကျေမချမ်းဖြင့်ထထိုင်တော့သည်။
" ငါ့ကိုကောင်းကောင်းနှိုးလို့ရတယ်လေ အဘူ !! "
နှစ်ချက်ဆင့်အရိုက်ခံထားရတဲ့ပါးကိုပွတ်သပ်ရင်း အာလာဒင် ဆိုသည်။ မျက်လုံးလေးကလယ်ကလယ်နှင့်ပြန်ကြည့်နေတဲ့ အဘူကတော့ ရိုက်ခဲ့တာသူမဟုတ်သလိုပင်။
အိပ်မှုံစုံမွှားဖြစ်ကာထိုင်နေရင်း အတွေးထဲရောက်လာသည်က အိပ်မက်ထဲကအလှလေးဖြစ်သည်။ အဘူ လာမရိုက်ခင်အထိတော့ သူ့အတွက်အိပ်မက်လှလှကလေးပင်။ နှစ်ကြိမ်နှစ်ခါသာဆုံဖူးပေမဲ့ ထိုအလှလေးက အိပ်မက်ထဲအထိတောင်စိုးစိုးနိုင်စွမ်းရှိတာကိုတွေးရင်း အာလာဒင် ပြုံးလိုက်၏။
