Chapter - 2

140 13 0
                                    

>> Unicode <<
~~~~~~~~~~~~

အာဂရာဘာ၏စျေးတန်းမှာဖြင့် နေ့ရက်တိုင်းလိုလိုပင် လူအများပြားဟာ ပျားပန်းခတ်မျှသွားလာလှုပ်ရှားနေလေ့ရှိသည်။ စျေးဝယ်သူ၊ စျေးရောင်းသူတွေအပြင် သူဆင်းရဲနှင့်လူကုံထံအသိုင်းဝိုင်းများ၊ ရှေးဟောင်းပစ္စည်းလဲလှယ်သူတွေနှင့် သူခိုးဓားပြအဆုံး ဤစျေးထဲတွင်တွေ့နိုင်သည်။

စျေးတန်းထဲ၌ စည်ကားလှသောလူအုပ်ကြား မြောက်ကြွကြွခြေလှမ်းများဖြင့်လျှောက်လှမ်းလာသည့် ကောင်လေးတစ်ယောက်။ သူ့ရဲ့ခြေလှမ်းတွေမှာတုံ့နှေးနေခြင်းမရှိဘဲ စျေးဆိုင်တွေကို တစ်ဆိုင်ပြီးတစ်ဆိုင်လှည့်ပတ်ကြည့်ရှူ့နေလေသည်။ သူ့ကိုယ်ပေါ်က ခပ်နွမ်းနွမ်းအကြမ်းထည်အင်္ကျီက ကြယ်သီးများပင်မစုံလင်။ ခြောက်ကပ်ကာ ညိုသောအသားရေကလည်း နေလောင်ထားမှန်းသိသာလွန်းလှ၏။ ပွယောင်းယောင်းဖြစ်နေသောဆံသားအနက်တို့နှင့် ဤလူငယ်လေးရဲ့မျက်ဝန်းများက ဂနာမငြိမ်လှုပ်ရှားလို့နေသည်။

" လတ်လတ်ဆတ်ဆတ်သစ်သီးတွေရမယ်ဟေး !! "

သစ်သီးဆိုင်ရှေ့တွင်ခြေလှမ်း‌တွေကိုရပ်ကာ အသီးများကိုကိုင်၍ နမ်းရှုံ့ကြည့်လိုက်၊ လက်နှင့်တစ်တောက်တောက်ခေါက်လိုက် လုပ်နေသည်။ သူ့အပြုအမူကို သတိထားမိသွားတဲ့ဆိုင်ရှင်ဟာ အနားရောက်လာလေသည်။

" သစ်သီးဝယ်မလို့လား ကောင်လေး "

" ဝယ်ချင်ပေမဲ့ အသီးကလတ်ရဲ့လား၊ အထဲမှာပုပ်နေရင် ဘယ်လိုလုပ်မလဲ "

" မပုပ်ရပါဘူးကွာ၊ ဒါတွေက ဒီမနက်မှရလာတဲ့ လတ်လတ်ဆတ်ဆတ်အသီးတွေကွ "

ဒေါသမပါသော်လည်း လေသံမာနေတဲ့ဆိုင်ရှင်ရဲ့အဖြေကို သူက မယုံသလိုနှာခေါင်းရှုံ့လိုက်ရင်း..

" ဒါကတော့ ဒီကမိတ်ဆွေကြီးရဲ့အပြောပဲရှိတာလေ "

" အသီးပုံစံကို မင်းကြည့်စမ်းပါ၊ ဒီလောက် အရောင်ရွှန်းစိုပြီး စားချင်စဖွယ်ဖြစ်နေတာ ငါကလိမ်ပါ့မလား "

" အပြင်ပန်းကိုကြည့်ပြီး ဆုံးဖြတ်လို့မှမရတာ "

" ကဲ.. မင်းမယုံဘူးဆို ရော့ ဒီတစ်လုံးငါပေးတယ်၊ စားကြည့် "

Aladdin Where stories live. Discover now