အပိုင်း ၁ - မှောင်မိုက်ခြင်း

25 2 0
                                    

စာလေးတစ်ကြောင်းပေမဲ့ ခေါင်းထဲမှာ ဘာမှအသိစိတ်မရှိတော့သလို အရာရာက ဘာမှ အဓိပ္ပာယ်မရှိတော့သလို ကျွန််မဆိုတဲ့လူက ပျော်ရွှင်မှုနဲ့ မထိုက်တန်တဲ့ လူသားတစ်ယောက်လို ခံစားလိုက်ရသည်။

" ပု ကိုယ်တို့လမ်းခွဲရအောင် " တဲ့

တူ ..... တူ ....... တူ ....... ( ဖုန်းခေါ်သံ )

သွားပြီ ကျွန်မ ထပ်ဖြစ်ပြန်ပြီ .....

ဘာလို့လဲ ဆိုတဲ့ မေးခွန်းတွေက ခေါင်းထဲ ပြည့်ကြပ်လာမိသည်။

" ငါဘာလုပ်မိလို့လဲ...."

ကိုယ့်ဘာကိုယ် တုန်ရီစွာရေရွတ်နေမိသည်။

လူတွေသွားလာလှုပ်ရှားနေပြီး အရာရာက သူဘာသူ
ရွေ့လျားနေရင်း အသက်ဝင်လှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်ကြီးက ရုတ်တရက်ရပ်တန့်သွားသလို တစ်စုံတစ်ယောက်က ကျွန်မကို ရိုက်ချသွားသလို ဒဏ်ရာရယ်မရှိပေမဲ့ ရင်ဘတ်ထဲ ဆူးအောင့်လာသည်။ မြတ်နိုး သဘောကျတဲ့အရာလေး ပျောက်ရှလို့ အော်ငိုချင်သည့် ကလေးငယ်တစ်ယောက်လို နုနုနယ်တယ် ခံစားချက်တစ်မျိုးက နှလုံးသားရှိရာ ဘယ်ဘက်ခြမ်းကနေတဆင့် လည်မျိုတစ်လျှောက်ကို တစ်ဆို့စွာ တက်လာသည်။

ကျွန်မ ငိုမိတော့မယ်...

လူသွားလမ်းမကြီးပေါ်မှာ မိန်းကလေးတစ်ယောက် ရုတ်တရက်ကြီးထငိုရင် ဘေးပတ်ဝန်းကျင်ကလူတွေ ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အတွေးတွေ မတွေးမိခင်မှာပဲ ကျွန်မရဲ့ မျက်ရည်တွေက မျက်ဝန်းထဲမှ ပူလောင်စွာ ကျဆင်းလာသည်။ဒီတခါမှမျက်ရည်ဆိုတာက ကျတဲ့အခါ
ပူလောင်တဲ့ ခံစားချက်ရှိတယ်ဆိုတာ သိလိုက်ရသည်။
ဘယ်ကနေပူလောင်နေတာလဲ ရင်ဘတ်ထဲကလား ဒီမျက်ရည်တွေကလား ဆိုတဲ့ ရူးကြောင်ကြောင်မေးခွန်းတွေနဲ့ ကိုယ့်ကိုကိုယ် အာရုံပြောင်း စိတ်လွှဲနေမိသည်။

ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်မလဲ....

ဘက်စ်ကားတွေတစ်စီးပြီးတစ်စီးထွက်သွားပေမဲ့ ကျွန်မခြေလှမ်းတွေက အဲ့မှတ်တိုင်မှာပဲ ကျောက်ချထားသလို ရပ်တန့်နေမိသည်။

" ငါကတကယ်ပဲ စိတ်ပျက်စရာကောင်းတာလား

ကိုယ့်ကိုကိုယ် ရူးကြောင်ကြောင်မေးခွန်းတွေရွေရွတ်မေးနေရင်း ဖုန်းဝင်လာသည်။မကြည့်ရင်တောင်သေချာသည်။
စာသင်သွားရမည့်အိမ်မှဖြစ်မည်။ဆရာမ ကျွန်မကနောက်ကျရင် အိမ်ရှေ့ထွက် မျှော်နေမည့် တပည့်လေးက ရှိနေသေးသည်။ ချက်ချင်းဆိုသလို ပြိုလဲနေသည့် ယို့ယွင်းသွားသည့် စိတ်အလုံးစုံကို ပြန်လည်စုစည်းရင်း ကားဂိတ်ကွမ်းယာဆိုင်မှ ၂၀၀ တန် တစ်သျှူးတစ်ထုပ်ဝယ်လိုက်ပြီး မျက်ရည်စတို့ကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။ မျက်လုံးများနီရဲနေမလားတော့မသိ , ကျွန်မတပည့်လေးကတော့ မေးတော့မည်။

အစဉ်အမြဲWhere stories live. Discover now