မှန်တွေကာရံထားတဲ့ အိမ်ရဲ့ အပေါ်ထပ်ကနေဆိုလျှင် ကတ္တရာခင်းထားသည့်ကားလမ်းဖြောင့်ဖြောင့်ကလေးနှင့် ရှည်လျားသော လာဗင်ဒါပန်းခင်းတစ်ဆုံးကို မြင်ရသည် ။ ကျွန်မ အခန်းတွင်းက မှန်အကာအရံတွင် မက်တပ်ရပ်ကာ မြင်နေရသည့် မြင်ကွင်းကြောင့် သက်ပြင်းတစ်ချက်ချမိသည် ။
ကျွန်မ၏ အိပ်ရာထပ်တွင် Seulgi က ဂစ်တာကြိုးကို ညှိနေ၏ ။ Seulgi က သီချင်းအေးအေးကလေးများကို ဆွေးဆွေးမြေ့မြေ့ ငြီးရတာကြိုက်တက်သည် ။ သို့သော် ဂစ်တာကတော့ ကျွန်မ ဂစ်တာပါ ။ သူက ကျွန်မ အခန်းကို ဝင်ချင်တိုင်းဝင် ၊ ထွက်ချင်တိုင်းထွက် ။ ကျွန်မ ပစ္စည်းများကို ယူချင်သလိုယူ ၊ သုံးချင်သလို သုံး ။ ကျွန်မ လိုအပ်သည့်အခါ ရှိသည့်အခါလည်းရှိ ၊ မရှိသည့်အခါလည်းရှိ ။
မမ ထားပေးတုန်းကတော့ သူဟာ ကျွန်မ သက်တော်စောင့်ပါပဲ ။ တဖြေးဖြေးနဲ့မှ ကျွန်မက သူ့ကို ဟိုနေရာမှာ စောင့်ရ ၊ ဒီနေရာမှာ စောင့်ရ ။ တစ်ခါတစ်ခါ သူချစ်လှပါတယ်ဆိုတဲ့ အမျိုးသမီးအိမ်ရှေ့မှာ ၊ တစ်ခါတစ်ခါ ကျွန်မ တို့ သီချင်းဆိုဖြစ်ကြတဲ့ ဘားမှာပေါ့ ။
" ဘာတွေအဲ့လောက်တောင် သက်ပြင်းတွေချနေတာလဲ "
Seulgi ၏ အမေး ။
မေးမှ မေးပါ့မလားလို့ ။ သူ့အာရုံက ကျွန်မထံ ရောက်လာသေးသားပဲ ။
" နင်က ငါ့အတွက် ဘာလဲ Seulgi "
ပန်းခင်းအဆုံးက ခပ်ရိပ်ရိပ်အမှုန်အမွှားတစ်ခုကို ကြည့်ရင်း စိတ်မရှည်သလို မေးမိသည် ။ ဂစ်တာဘေးကို ချလိုက်သည့် အသံကြား၏ ။ ပြီးတော့ သူ့ခြေသံများ ။ ကျွန်မ နောက်ကျောတွင်ရပ်သည် ။ ကျွန်မ ဆံနွယ်ကို ဖွဖွပွတ်သပ်သည် ။
" နင် ချစ်တဲ့ မိန်းမပြီးရင် နောက်ထပ်ချစ်ရတဲ့ မိန်းမလေ "
ကျွန်မ သူ့ကို မကြည်သလို ဆက်ခနဲလှည့်ကြည့်တော့ ထင်သည့်အတိုင်း သူ့မျက်နှာတွင် ခပ်ရိရိအပြုံးတွေ ။ Seulgi ဟာ ခပ်ဆိုးဆိုးကောင်မလေးပဲ ။ ကျွန်မကိုဆို စနောက်လိုက်ရမှ ကျေနပ်သည့် သူဆိုသော်ငြား ယခုစနောက်မှုကမူ အမှန်တရားရောစွက်၏ ။
YOU ARE READING
မူပိုင် နှင်းဆီ
Fanfictionမည်မျှပင် ဆူးတို့ဖြင့် ကာရန်ကာ အမုန်းတို့ဖြင့် ဝေးစေသော်လည်း ကျွန်မသည် မပြောင်းမလဲ မမ၏ မူပိုင်နှင်းဆီ ။