ကျန်းဟာအို အသက် ၁၆ နှစ် အရွယ် ၊ အထက်တန်းကျောင်းသားဘဝကို စတင် ဖြတ်သန်းရမည့် အချိန်တွင် မိဘများ၏ စီးပွါးရေးလုပ်ငန်းကြောင့် ကိုရီးယားတွင် ပြောင်းရွှေ့နေထိုင်ရန် အကြောင်းဖန်လာခဲ့သည်။ ကျောင်းပြီးသည်အထိ မွေးရပ်မြေ ဖူကျန့်တွင်နေကာ ဖူကျန့်မှာပဲ ကျောင်းအတူတူတက်ကြရန် ရုအီ နှင့် အပြန်အလှန်ပေးထားသည့် ကတိကို မတည်နိုင်တော့သဖြင့် စိတ်မကောင်းဖြစ်ရသလို ရုအီကလည်း စိတ်ဆိုးလျက်ရှိသည်။ ရုအီက စိတ်ဆိုးစိတ်ကောက် သန်သော်လည်း ကျန်းဟာအိုဘက်တွင် အမြဲရှိပေးနေသော သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်တာကြောင့် ကျန်းဟာအို ရုအီ နှင့် ခွဲရမည်ကို များစွာ နှမြောမိသည်။ သူ ရုအီကို ဘယ်လို ထားခဲ့နိုင်ပါ့မလဲ ၊ ပြီးတော့ သူ့မွေးရပ်မြေကိုရော။
သို့သော် ဘဝ ဟူသည်မှာ မည်သည့်အချိန်တွင် မည်သို့သော ကံတရား အပြောင်းအလဲများ ဖြစ်လာမည်ကို ကြိုတင်သိရှိ၍ မရနိုင်သော ဉာဏ်စမ်းစာမေးပွဲ တစ်ခု နှင့် ဆင်တူလှသည်။
ကျန်းဟာအို အတန်းကွာဟချက် မရှိဘဲ တောင်ကိုရီးယား အထက်တန်းကျောင်းများ၏ ပညာသင်နှစ် အသစ်ကို အချိန်မှီတက်ရောက်နိုင်စေရန် ကျန်းဟာအိုတို့မိသားစုမှာ မှန်းထားသည့်ထက် ပို၍စောကာ ကိုရီးယားသို့ ပြောင်းလာခဲ့ကြရသည်။ ကျန်းဟာအိုမှာ ပညာရေးတွင် ထူးချွန်ပြောင်မြောက်သူ တစ်ဦး ဖြစ်သည့်အလျောက် ဆိုးလ်မြို့ပေါ်ရှိ အထက်တန်းကျောင်း တစ်ကျောင်းတွင် ဝင်ခွင့်ရရှိခဲ့သည်။အာရှနိုင်ငံများသည် ဓလေ့ထုံးတမ်းများ သိပ်မကွာကြသလို အချိန်ကွာဟချက်လည်း နည်းသည့်အပြင် သင်ရိုးညွှန်းတမ်းများသည်လည်း ကွဲပြားခြင်း အနည်းငယ်သာရှိသည်မို့ ကျန်းဟာအိုအတွက် နေသားကျရန် အခက်အခဲ သိပ်မရှိလှပေ။ သို့သော် ဘာသာစကားအသစ်ကို မကြာခင်ကမှ စတင် သင်ယူနေရသူ ဖြစ်သည့်အတွက် ကျောင်းပထမဆုံးနေ့တွင် အခက်ကြုံရမည်ကို စိတ်ပူရသည်။ ကျောင်းအသစ်တွင် သူငယ်ချင်း မရှိမည်ကို မစိုးရိမ်သော်လည်း အတန်းဖော်များ၏ သူ့အပေါ် ပထမဆုံးအမြင်ကိုတော့ အနည်းဆုံး ကောင်းစေချင်ခဲ့သည်။