စီနီယာများနှင့် ရန်ဖြစ်ပြီးသည့်နေ့မှစ ကျန်းဟာအိုရော ဆောင်းဟန်ဘင်းရော ကျောင်းပြင်ပ၌ သူတို့၏ လုံခြုံရေးကို ပို၍ သတိထားလာကြရသည်။ ကျောင်းတွင်းတွင်တော့ ထို စီနီယာများ ကျောင်းတစ်လ နားခံထားရခြင်းကြောင့် အေးဆေးနေနိုင်သော်လည်း ကျောင်းပြင်ပတွင်တော့ ထို လူရမ်းကား စီနီယာများသည် အချိန်မရွေး သူတို့ကို တစ်စစီ လုပ်ပစ်လိုက်နိုင်သည်လေ။ ကြောက်ရွံ့၍ ရှောင်ခြင်း မဟုတ်ဘဲ ထိုသို့သော အသိတရားခေါင်းပါးသူများဖြင့် အဖတ်လုပ် ရန်ဖြစ်နေရန် မတန်သောကြောင့်သာ ဖြစ်သည်။
ကျန်းဟာအိုကတော့ ကြုံလာလျှင်လည်း မကြောက် ၊ ပြန်ဆွဲထိုးပစ်မည် ဟု ပြောလေ့ ရှိသော်လည်း ဆောင်းဟန်ဘင်းက သူ့ကြောင့် အစပြုပြီး ကျန်းဟာအို တစ်ခုခု ဖြစ်သွားမည် စိုးသောကြောင့် မနက်တိုင်း ကျန်းဟာအို အိမ်ရှေ့သို့ စက်ဘီးတစ်စီးဖြင့် ကျန်းဟာအို ကျောင်းမသွားခင် အချိန်ထက် စောရောက်နေလေ့ရှိလာသည်။ ထို့နောက် နှစ်ယောက်သား ဆောင်းဟန်ဘင်း အသင့်ဝယ်လာပေးသော နွားနို့ဘူးနှင့် ပေါင်မုန့် ကို စားကာ ကျန်းဟာအိုမှာ ဆောင်းဟန်ဘင်း၏ စက်ဘီးနောက်ခုံလေးကနေ ကြိုးနားကြပ်လေးဖြင့် သီချင်းနားထောင်လျက် ကျောင်းသို့ လိုက်ပါသွားလေ့ရှိသည်။
"သီချင်းပဲ နားထောင်မနေနဲ့ သေချာကိုင်ထား ပြုတ်ကျမယ်"
ကျန်းဟာအိုမှာ မဝံ့မရဲဖြင့် ဆောင်းဟန်ဘင်း၏ ကျောင်းအင်္ကျီလေးကိုသာ ဆွဲကိုင်ထားသော်လည်း ဆောင်းဟန်ဘင်းမှာ ကျန်းဟာအိုလက်ကို ဆွဲကိုင်ပြီး သူ့ခါးပေါ်သို့ လှမ်းတင်လိုက်လေသည်။
"ပြုတ်ကျသွားရင် စီနီယာတွေ ဆွဲထိုးတာ ခံရတာထက် ပိုဆိုးမှာနော်"
ဆောင်းဟန်ဘင်းက ကျောင်းသွားရုံတင်မက ကျောင်းဆင်းချိန်တွင်လည်း ကျန်းဟာအို ကို အိမ်ပြန်ပို့ပေးလေ့ရှိသည်။ အိမ်မပြန်ခင် အချိန်တွင်တော့ သူတို့နှစ်ယောက် ကျောင်းအနီးအနားတွင် ရှိသော အင်တာနက်ဂိမ်းဆိုင် လေးတွင် အတူတူ ခဏတာ ဂိမ်းဆော့ဖြစ်ကြသည်။
ထို အချိန်ကာလ အပိုင်းအခြားသည် ကျန်းဟာအို၏ ဆယ်ကျော်သက်ဘဝကို အရောင်စုံစေခဲ့သည့် ကဏ္ဍရပ်တွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့လေသည်။