(2)Unicode

255 35 6
                                    


"ငါတို့ ဒီတစ်ဝိုက်လျှောက်သွားကြည့်ကြမလား"

မြေညှိစက်ရဲ့အသံဩဩက နောက်တစ်ခါထွက်လာပြန်တယ်။ မြေတူးစက်ကလေးကလည်း နာနာခံခံပါပဲ။မီးသီးမျက်လုံးလေးတွေ ဖလပ်ဖလပ်နဲ့ အသံတိတ်သဘောတူလိုက်ပါတယ်။

ကျွီ ဂျလိန်းလိန်း!

မြေညှိစက်ရဲ့ ချိန်းကြိုးဘီးတွေလှုပ်ရှားလိုက်တယ်ဆိုရင်ပဲ ကျောက်မီးသွေးလွှမ်းတဲ့ မြေပြင်ကတသိမ့်သိမ့်တုန်ခါသွားတယ်။ မီနီမြေညှိစက်ဆိုပေမဲ့ အင်အားကြီးတာတော့ သေချာနေပါတယ်။

ကျွိ...ဂျစ်ဂျစ်ဂျစ် ဂလောက် ဂလောက်!

မြေတူးစက်ကလေးလည်း မြေညှိစက်နဲ့ အတူတူသွားဖို့ ချိန်းကြိုးဘီးတွေရွှေ့လိုက်တာနဲ့ ပုံမှန်မဟုတ်တဲ့အသံတွေ ထွက်လာတော့တာပဲ။

"အိုး.."

သူချက်ချင်း ဘရိတ်အုပ်လိုက်တယ်။မီးသီးမျက်လုံးတွေကိုအလုပ်ပေးလိုက်တော့ သူ့ချိန်းကြိုးဘီးက ပြဿနာရှိနေမှန်း သတိထားမိသွားတယ်။ ဒါပေမဲ့ ငုံ့ကြည့်လို့မရတာမို့ ဘယ်နေရာကမှန်းတော့ မသေချာဘူးရယ်။

အစတုန်းက မူလီတစ်လုံးပဲကျွတ်သွားတာကို အခုကျ နောက်ထပ်၊ နောက်ထပ်မူလီတွေပါ ကျွတ်ကုန်ပြီနဲ့တူပါရဲ့။ဒီပုံစံအတိုင်းဆို သူတော်တော်ချို့ယွင်းနေတာပဲ။မဟုတ်မှ အကြာကြီးအိပ်ထားလို့ ထိုင်းမှိုင်းကုန်တာများလား။

သူ့ဆီက လှုပ်ရှားသံမကြားရတော့လို့နဲ့တူရဲ့။အရှေ့ရောက်နေပြီဖြစ်တဲ့ မြေညှိစက်ရဲ့ နောက်ကြည့်မှန်က သူရှိရာဆီ ဆန့်ထွက်လာတယ်။ ပြီးတာနဲ့ အသံဩဩကိုကြားရတော့တာပဲ။

"ဘာဖြစ်လို့လဲ...မင်းအဆင်ပြေရဲ့လား.."

"........"

သူဘာပြန်ဖြေရမှန်း တကယ်မသိဘူး။မြေညှိစက်ရဲ့ နောက်ကြည့်မှန်ကိုလည်း ရဲရဲမကြည့်ရဲတော့ပါဘူး။သူသိပ်ရှက်တယ်။ အားကောင်းတဲ့ မြေညှိစက်ရဲ့အရှေ့မှာ သူက ဟိုပြုတ်ကျ၊ဒီပြုတ်ကျနဲ့မို့ အရှက်ကွဲသလို ခံစားနေရတယ်။သူနည်းနည်းလေး ထပ်လှုပ်လိုက်ရင်တောင် တစ်ခုခုထပ်ထွက်ကျလာမှာစိုးလို့ ငြိမ်ငြိမ်ကလေးပဲ နေနေရပါတယ်။

ᴡᴀʀᴍᴛʜ (ရပ်နား)Where stories live. Discover now