To my lovely Hani

398 23 7
                                    

Pairing – Wonbin x Seunghan

Recommended song – Only love can hurt like this

သို့

ချစ်ရပါသော ဟန်နေ

အစကထဲက မတွေ့ဖြစ်ကြရင်လို့ အတ္တကြီးကြီးတွေးခဲ့မိတာကို ဝန်ခံပါတယ်... ဒါပေမယ့် တကယ်လို့သာ မင်းနဲ့မဆုံဖြစ်ခဲ့ရင် ကျူးလစ်ဝါတွေဘယ်လောက်လှကြောင်းနဲ့ ဆောင်းနေခြည်ဟာ ဘယ်လောက်နွေးထွေးကြောင်း ဒီဘဝမှာတော့ ကိုယ်သိမှာမဟုတ်ဘူး ဟန်နေရယ်...

မင်းနဲ့စမတွေ့ခင်ရက်တွေမှာ ကိုယ်ဟာ ကိုယ့်အပေါ်သစ္စာမဖောက်ပြားတတ်တဲ့ ပန်းချီတွေနဲ့ ဆယ်စုနှစ်တစ်စုစာ သောက်ပြီးသားစီးကရက်တိုတွေပဲ ပိုင်ဆိုင်တဲ့ လူသားတစ်ယောက်ပေါ့... နေ့စဉ်နဲ့အမျှ ကိုယ်အနားကပျောက်ကွယ်သွားတတ်တဲ့ စီးကရက်ငွေ့တွေရှူရှိုက်ရင်း သွေးမထွက်တဲ့ဒဏ်ရာအပြည့်နဲ့ ပန်းချီကားတွေဆွဲနေရတာကိုပဲ ကိုယ်ဟာ ကျေကျေနပ်နပ်နဲ့...

အင်း... မင်းနဲ့တွေ့ပြီးတဲ့အချိန်မှာတော့ မင်းကိုချစ်ရတာအတွက်ကျေနပ်မှုလေး တစ်ခုတိုးလာတာပေါ့လေ...

အဲ့နေ့က ကိုယ့်စိတ်တွေ မှုန်မှိုင်းနေခဲ့တာ... ရေးလက်စ ကားချပ်ရဲ့ဆေးက ရေးနေရင်းနဲ့တင်ကုန်သွားခဲ့တယ်လေ... ကိုယ်ဟာတောက်တစ်ချက်ခေါက်ရုံကလွဲရင် ဘာမှမတတ်နိုင်တဲ့အခြေအနေမှာ...

အဲ့တာနဲ့ပဲ ကိုယ်ခပ်မြန်မြန်ပဲ ပြင်ဆင်ပြီး လိုအပ်တာဝယ်ဖို့ ထွက်လာခဲ့ရတယ်... မညှပ်ဖြစ်တာကြာလို့ ဂုတ်အောက်ကို နည်းနည်းကျော်နေပြီဖြစ်တဲ့ ဆံပင်ရှည်တွေကို ခပ်မြင့်မြင့်လေးထုံးလိုက်ပြီး အရောင်မှိုင်းမှိုင်း ဂျက်ကတ်ကိုဝတ်လိုက်တယ်... ပြင်ဆင်တယ်ဆိုလို့ လှချင်လို့တော့ မထင်လေနဲ့ ဟန်နေ... ကိုယ်ဟာ အခြေအနေနဲ့ အချိန်ခါကိုလိုက်အောင် နေတတ်ရတယ်ဆိုတဲ့ စကားကို လိုက်နာမိရုံပဲ... တကယ်စိတ်ရှိတိုင်းသာ နေကြေးဆို ဒီချိန်အသက်တောင်ပါပါ့မလားဆိုတာ ကိုယ်မသိ...

တစ်ပတ်နေလို့ တစ်ခါမထွက်ဖြစ်တဲ့ အိမ်အပြင်ကိုထွက်တော့ ရပ်ကွက်ထဲက အန်တီကြီးတွေက သို့လော သို့လောအကြည့်တွေနဲ့ ကိုယ့်ကိုကြည့်နေကြတယ်... မသိရင်ပဲ ရူးနေတဲ့လူတစ်ယောက် လူသတ်ဖို့ထွက်လာတဲ့အတိုင်း... ပထမတစ်ခုကတော့ မှန်ရင်မှန်လောက်ပေမယ့် လူတော့ကိုယ်မသတ်ပါဘူး... ကိုယ့်ဘာသာကိုယ်ပဲ လောကကြီးကနေ အမှုန်အမွှားတစ်ခုအဖြစ်ပျောက်ကွယ်ချင်ခဲ့တာ... သူများကို သတ်ရလောက်တဲ့အထိ ခေါင်းစားလဲမခံချင်... စိတ်ကလဲမရှည်...

One shots for youWhere stories live. Discover now